ရုပ်၊နာမ် အကျဉ်းအကြပ်ထဲကထိုင်းရောက်မြန်မာတွေ

Photo – Social Media

စက်တင်ဘာ၊ ၂၅

ထိုင်းနိုင်ငံအတွင်းမှာ ဒီရက်ပိုင်းအတွင်းလှုပ်ခတ်နေတဲ့ ကိစ္စတွေကြောင့် ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ သတိထားပြီးနေထိုင်ကြဖို့လိုတယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ လှုပ်လှုပ် ခတ်ခတ် ဖြစ်နေပါတယ်။

ပုံမှန်အားဖြင့် ထိုင်းအာဏာပိုင်တွေဟာ နှစ်ကုန်ပိုင်းကာလတွေမှာ စီမံချက်တွေနဲ့ တရားမဝင် ဝင်ရောက်သူတွေ၊စည်းကမ်းချိုးဖောက်သူတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်လေ့ရှိပါတယ်။

ဒါပေမယ့် အခု ၂၀၂၄ ခုနှစ်မှာတော့ မကြာခဏဆိုသလို စည်းကမ်းတင်းကြပ်မှုတွေ ပြုလုပ်နေတဲ့အပြင် စစ်ဆေးဖမ်းဆီးမှုတွေလည်း ပိုမိုအသေးစိတ်လာနေတာကို တွေ့ရပါတယ်။

ဒီလိုတွေဖြစ်နေတာဟာ ထိုင်းအမျိုးသားရေး အစွန်းရောက်အဖွဲ့တွေရဲ့ လှုံ့ဆော်မှုတွေကြောင့်ဖြစ်တယ်လို့ ထိုင်းမီဒီယာတချို့နဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ယူဆကြပါတယ်။

လက်တွေ့အခြေအနေမှာလည်း မြန်မာတွေအနေများကြတဲ့ ထိုင်း – မြန်မာနယ်စပ်နဲ့ ဘန်ကောက် မြန်မာသံရုံးရှေ့ တွေမှာ မြန်မာတွေကို ထွက်သွားကြဖို့ ဆိုတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြတာတွေရှိနေပါတယ်။

“ ကျွန်တော် ထိုင်းမှာမွေးပြီး ထိုင်းမှာကြီးလာတာ တခါမှ ဒီလိုမျိုးမကြုံဖူးဘူး။ သူတို့တွေက ထိုင်းအမျိုးသားရေး အစွန်းရောက်တွေလို့ ဘယ်လိုပဲပြောပြော ဒီလိုဖြစ်လာရတဲ့ အကြောင်းရင်းတွေရှိတယ်။ အဓိကကတော့ ကျွန် တော်တို့ လူမျိုးတွေက သိုသိုသိပ်သိပ် ငြိမ်းငြိမ်းချမ်းချမ်း မနေတတ်ကြတာပဲ ” လို့ အသက် ၃၅ နှစ်အရွယ် ကိုစိုးသီဟက ပြောပါတယ်။

ကိုစိုးသီဟ က လက်ရှိမှာ ရွေ့ပြောင်းအလုပ်သမားရေးနဲ့ ပညာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ စေတနာ့ဝန်ထမ်း စကားပြန်အဖြစ် လိုက်လံကူညီ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံသား ၆ သန်းလောက်ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေပေမယ့် အမှန်တကယ် ထိုင်းအစိုးရရဲ့ တရားဝင်စာရင်းထဲမှာတော့ မြန်မာရွေ့ပြောင်းလုပ်သားတွေဟာ ၃ သန်းနီးပါးသာရှိပါတယ်။

ဒီစာရင်းမှာလည်း အလုပ်အကိုင်ပြောင်းရွေ့တာတွေ၊ အမှန်တကယ် အလုပ်လုပ်ကိုင်နေသူ မဟုတ်တာတွေ၊ သေဆုံးသွားတာတွေ၊ သက်တမ်းကုန်ဆုံးသွားတာတွေ စတဲ့ အကြောင်းအရာတွေနဲ့ လူတွေလည်းရှိနေပါတယ်။

ကိုစိုးသီဟကတော့ မြန်မာနိုင်ငံရေးအခြေအနေတွေကြောင့် ထိုင်းမှာခိုလှုံနေရချိန်မှာ တရားဝင်သည်ဖြစ်စေ တရားမဝင်သည်ဖြစ်စေ ထိုင်းနိုင်ငံရဲ့ အခြေခံ ဥပဒေ၊ စည်းမျဉ်း၊ ယဉ်ကျေးမှုတွေကို လိုက်နာဖို့လိုတယ်လို့ အကြံပြုပါတယ်။

ဒီအကြံပြုချက်ကို ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က လည်းမကြာခဏ တိုက်တွန်းပြောကြားလေ့ရှိပါတယ်။

“ သူတို့နိုင်ငံမှာနေတယ် သူတို့ရဲ့ စကားကိုသိရမယ်။ သူတို့ ဥပဒေတွေကို ကိုယ်နဲ့ဆိုင်တာတွေလောက်တော့ သိထား နားလည်ထားရမယ် ဒါမှ သဟဇာတဖြစ်မယ် ” လို့ ဦးထူးချစ်က ဆိုပါတယ်။

လက်ရှိထိုင်းနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ဆိုင်တဲ့ လှုပ်ခတ်မှုတွေအကြောင်းကိုလည်း ဦးထူးချစ်က မီဒီယာတော်တော်များများမှာ သုံးသပ်ပြောကြားထားတာတွေရှိပါတယ်။

ထိုင်းအာဏာပိုင်တွေက ရွေ့ပြောင်းအလုပ်သမားတွေ စနစ်တကျဖြစ်ဖို့နဲ့ စည်းကမ်းလိုက်နာမှု ပိုကောင်းလာဖို့အတွက် ဖိဖိစီးစီး ကြိုးစားနေချိန်နဲ့ မြန်မာမုန်းတီး‌ရေး ဆန္ဒပြမှုတွေဟာ ရည်ရွယ်ချက် ရှိရှိတချိန်တည်းမှာ ဖြစ်ပေါ်လာပါတယ်။

ဒီအချိန်မှာပဲ မြန်မာရွေ့ပြောင်း စာသင်ကျောင်းတချို့ ပိတ်လိုက်ရတာတွေ ရှိလာတာကြောင့် စိုးရိမ်ပူပန်နေရတယ်လို့ ထိုင်းရောက်မြန်မာတွေကပြောကြပါတယ်။

“ ကျွန်မ သားလေးက မြန်မာကျောင်း(မြန်မာရွေ့ပြောင်းစာသင်ကျောင်း)မှာ တက်နေတာပါ။ ထိုင်းမှာမွေးလို့ ထိုင်းကျောင်းတက်လို့ရပေမယ့် အချိန်တန်ရင် မြန်မာနိုင်ငံမှာပဲ ပြန်နေမှာဆိုတော့ မြန်မာကျောင်းမှာပဲ ထားဖြစ်တာပါ။ အခုတော့ မှားပြီလားလို့ တွေးမိနေပြီ ” လို့ မဲဆောက်မှာနေထိုင် အလုပ်လုပ်ကိုင်လာတာ ၁၀ နှစ်ကျော်ပြီဖြစ်တဲ့ မနှင်းနှင်းဖြိုးက ဆိုပါတယ်။

နိုင်ငံရေးကြောင့် ရွေ့ပြောင်းလာခဲ့ပြီး တရားဝင်နေထိုင်ခွင့်ရဖို့ အထောက်အထားပြုလုပ်ထားသူတွေလည်း ရှိတဲ့အခါ အမှန်တကယ် အလုပ်သမား စစ်၊ မစစ် တင်းတင်းကြပ်ကြပ်စစ်ဆေးတာတွေ၊ နိုင်ငံရေးကြောင့် ပြောင်းရွေ့လာရသူတွေကို ဒုက္ခသည်ကမ့်တွေမှာနေခိုင်းဖို့ တောင်းဆိုတာတွေဟာလည်း ဒီလူတွေအတွက် အကြောက်တရားကို ဖြစ်ပေါ်လာစေပါတယ်။

“ ကျွန်မတို့က အာဏာရှင်ကိုမကြောက်လို့ တော်လှန်ကြတယ်ဆိုပေမယ့် ဒီမှာနေတဲ့အခါ စိတ်မလုံခြုံမှုကကျတော့ မတူဘူးလေ။ အဓိက စကားနားမလည်တဲ့အခါ ပိုကြောက်တယ်။ ကိုယ့်နိုင်ငံမဟုတ်တဲ့အခါမှာ နဂိုကတည်းက ကျွန်မတို့မှာ သိမ်ငယ်စိတ်က ရှိပြီးသားလေ ” လို့ ဒေါ်အဝေရာက ပြောပါတယ်။

သူ့မှာ ပန်းရောင်ကဒ်နဲ့ စီအိုင်စတဲ့ အထောက်အထားတချို့ရှိပေမယ့် မေးမြန်းစစ်ဆေးမှုတွေကို မဖြေနိုင်တဲ့အခါ ပြဿနာဖြစ်လာမှာစိုးလို့ လက်ရှိအချိန်မှာအိမ်ထဲက အိမ်ပြင်မထွက်ရဲဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တချို့သော ပညာရေးဆိုင်ရာ လှုပ်ရှားသူတွေက ဒီအခြေအနေမှာ မြန်မာနိုင်ငံသားတွေအနေနဲ့ ရာဇဝတ်မှုတွေ မကျူးလွန်ရင် မကြောက်ကြဖို့ ဆွေးနွေးဆိုကြတာတွေ ရှိပါတယ်။

လွှတ်တော်အတွင်းမှာလည်း မြန်မာနိုင်ငံအတွင်းမှာ အခက်အခဲပေါင်းစုံကြုံတွေ့နေရတာမို့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံအတွင်းကို ပြောင်းရွေ့ခိုလှုံနေရသူတွေအပေါ် စာနာထောက်ထားပေးဖို့ အဆို တင်သွင်း ဆွေးနွေးတာမျိုးတွေလည်း ရှိနေပါတယ်။

ဒါပေမယ့် ဒီသတင်းတွေက မြန်မာနိုင်ငံသားတွေကြားမှာ ပြန့်နှံ့မှုအားနည်းတာ၊ မျက်မြင်တွေ့ နေရတာတွေက စိုးရိမ်ထိတ်လန့်ဖွယ်ဖြစ်နေတာ၊ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီး သူတွေရဲ့ သတိပေးစကားတွေကို နားလည်မှုလွဲတာ စတာတွေကြောင့် စိုးရိမ်မှုတွေက လျော့ကျသွားတာမျိုး မရှိပါဘူး။

ဒါကို ဘန်ကောက်က မြန်မာတွေစည်ကားခဲ့တဲ့ ဘန်ဘောဈေးလိုနေရာတွေ၊ မဲဆောက်က မြန်မာတွေစည်ကားရာ နေရာတွေမှာ အရင်လို စည်ကားခြင်း မရှိတော့တာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

ရွေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်သူ ကိုစိုင်းကတော့ “ ကျွန်တော်တို့က သူတို့နိုင်ငံမှာလာနေရင် သူတို့ဘာတွေ မကြိုက်ဘူးလဲကိုသိရမယ်။ အခုက လူနည်းစုလေးကပဲ တောင်းဆိုနေကြတာဆိုပေမယ့် ဒီလူနည်းစုကနေ လူများစုဖြစ်မလာဖို့ ကျွန်တော်တို့ ပိုသတိထားသင့်တာတော့ အမှန်ပဲ ” လို့ ထောက်ပြအကြံပြုပါတယ်။

၂၀၂၄ ခုနှစ်အတွက် ထိုင်းအစိုးရရဲ့ ရက်ပေါင်း ၁၂၀ စီမံချက်ဟာ အခုဆိုရင် ရက်ပေါင်း ၁၀၀ ကျော်ကာလကိုရောက်ရှိလာပါပြီ။

ဒီစီမံချက်အတွင်းမှာ တရားမဝင်ရွေ့ပြောင်းသူ ၃ သိန်းဝန်းကျင်လောက်ကို ဖမ်းဆီးနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

လက်ရှိမှာ တရားမဝင်နေထိုင်သူပေါင်း ၂ သိန်း ၆ သောင်းကျော်ကို ဖမ်းဆီးထားပြီး အဲ့ဒီထဲက ၁ သိန်းခွဲကျော်ဟာ မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ ဒီလူတွေကို မြန်မာနိုင်ငံကို ပြန်ပို့မှာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရကတော့ ထိုင်းအစိုးရအနေနဲ့ မြန်မာရွေ့ပြောင်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပြီး NUG အနေနဲ့ မြန်မာရွေ့ပြောင်းတွေအ‌ရေးကို ကိုင်တွယ်ဖို့ အဆင်သင့်ရှိနေတယ်လို့ ဆိုပါတယ်။

“ ဒီတရားမဝင်ဖြစ်ရတဲ့ ကိစ္စတွေ၊ မြန်မာအလုပ်သမားတွေ နစ်နာနေတဲ့ကိစ္စတွေက ကျွန်တော် NUG ကနေ ဒီကိစ္စတွေကို တရားဝင်ကိုင်တွယ်လို့ရရင် ကျွန်တော်တို့အတွက်ရော သူတို့အတွက်(ထိုင်း)ရော အများကြီး အဆင်ပြေသွားမှာပါ ” လို့ NUG ရဲ့ အလုပ်သမားရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ကိုကျော်နီက ပြောပါတယ်။

ထိုင်းမှာအနေကြာတဲ့ မြန်မာတွေကတော့ ထိုင်းမှာအဆင်ပြေပြေနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်ချင်တယ်ဆိုရင် သူတို့နဲ့ သဟဇာတဖြစ်အောင်၊ သူတို့ကို စိတ်ပူစေနိုင်တဲ့ အပြုအမူမျိုးတွေ မလုပ်ဆောင်ဖို့ လိုတယ်လို့ အကြံပြုကြပါတယ်။

ဒီလိုသုံးသပ်အကြံပြုကြတာတွေရှိပေမယ့် အကျဉ်းအကြပ် အခြေအနေကြားလက်တွေ့ရောက်နေကြတဲ့ ထိုင်းရောက်မြန်မာတွေရဲ့စိုးရိမ်စိတ်ကို ပြေလျော့သွားစေနိုင်တဲ့ အဖြေတခုခုကိုတော့ အခုအထိ မတွေ့ကြရသေးပါဘူး။

ကိုစိုးသီဟက “ အခုဆို ကျွန်တော်လက်လှမ်းမီသမျှထဲက မြန်မာနိုင်ငံသားတွေဟာ ထိုင်းတွေက သူတို့ကို အမြင်မကြည်တဲ့ အကြည့်တွေနဲ့ ကြည့်နေပြီလားဆိုတဲ့ ခံစားချက်တွေဝင်နေပြီ။

ဒါဟာ နှစ်နိုင်ငံလုံးအတွက် စိတ်မကောင်းစရာပါပဲ ” တဲ့။