ဇွန်၊ ၁၈
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သူ့ရဲ့ ပထမဆုံး ရှင်းလင်း တင်ပြမှုတွေအတွင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးသစ် မားရစ် ဆမ်ဂီရာပွန်ဆာဟာ သူဦးဆောင်ချိန် ရုပ်လုံးပေါ်လာမယ့် ထိုင်းရဲ့ နိုင်ငံခြားရေး မူဝါဒတွေ အကြောင်းကို ပြောပြသွားခဲ့ပါတယ်။
ဧပြီ ၃၀ ရက်န့မှာ လက်ရှိ ရာထူးကို ရုတ်တရက် တာဝန်လွှဲပြောင်းယူခွင့် ရလာချိန် ကတည်းက မားရစ်ဟာ ခဏခဏ အမေးခံရတဲ့ အကြောင်းအရာကတော့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေ အကြောင်းပါပဲ။ သူ့ရဲ့ တင်ပြဆွေးနွေးမှုတွေမှာတော့ မားရစ်ဟာ မြန်မာ့ အကျပ်အတည်းဟာ ထိုင်းနိုင်ငံအပေါ် ရိုက်ခတ်မှုတွေလည်း ကြီးကြီးမားမား ဖြစ်စေတဲ့အတွက် သူက အဓိက အာရုံစိုက်မယ့် အကြောင်းအရာ တခုလို့ အတည်ပြုသွားပါတယ်။
နောက်ပြီး မြန်မာ့ လက်ရှိ အကျပ်အတည်းကို ထိုင်းက ကူညီချဉ်းကပ် ဖြေရှင်းမယ့် မူဝါဒ ငါးချက် အကြောင်းကိုလည်း ထုတ်နုတ် တင်ပြသွားခဲ့ပါတယ်။
လာမယ့် သီတင်းပတ်တွေနဲ့ လပိုင်းတွေအတွင်း မြန်မာ့အကျပ်အတည်းဟာ သူဦးဆောင်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရည်အသွေးနဲ့ ပရော်ဖက်ရှင်နယ် ပီသမှုကို ဆန်းစစ်မယ့် မီတာတံ တခုအဖြစ် ပုံပေါ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။
ပထမ ဦးစားပေး ကိုင်တွယ်ရမှာက ထိုင်း-မြန်မာ နယ်စပ်မှာ တည်ငြိမ်အေးချမ်းမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ရေး ဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။ အဲဒီကဏ္ဍဟာ နိုင်ငံရော၊ ဒေသတခုလုံးအပေါ်မှာပါ သက်ရောက်မှုတွေ ရှိစေတာကြောင့်ပါ။
မြန်မာနဲ့ နယ်စပ်ဖြတ်ကျော် ထိတွေ့ ဆက်ဆံရတဲ့ အရေးကိစ္စတွေဟာ ထိုင်းအတွက်သာ မကဘဲ အာဆီယံ လုပ်ဖော်ကိုင်ဖက်တွေ အတွက်လည်း မြန်မာ့ပြည်တွင်းရေးမှာ ပါဝင်ပတ်သက်တဲ့ အစုအဖွဲ့အားလုံး လက်ခံနိုင်လောက်တဲ့ ဖြေရှင်းမှုမျိုး ကူညီ ရှာဖွေပေးဖို့ အရေးပါတဲ့ လုပ်ငန်းစဉ်တွေအဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ဖြစ်သလို နယ်စပ် အရှည်လျားဆုံး ထိစပ်နေတဲ့ ထိုင်းဟာ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်သေကြေမှု၊ နေရပ်စွန့်ခွာ ပြောင်းရွှေ့မှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ကျန်းမာရေး စနစ်တွေ ယိုယွင်းလာမှု၊ အွန်လိုင်း ငွေကြေးလိမ်လည်မှုတွေရဲ့ ဆိုးမွေတွေကိ အများဆုံး သက်ရောက် ခံစားရမှာပါ။
အောက်တိုဘာလကစလို့ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်ကို မတူညီတဲ့ တော်လှန်ရေး အင်အားစု အမျိုးမျိုးက ကြီးမားပြင်းထန်တဲ့ ထိုးစစ်တွေ ဆင်နွှဲခဲ့ပြီး အဲဒီ စစ်ရေး ပဋိပက္ခတွေဟာ ထိုင်း-မြန်မာ နယ်စပ်ထိ ပျံ့နှံ့ ကူးစက်ခဲ့ပြီး ထိုင်းရဲ့ စီးပွားရေးနဲ့ လုံခြုံရေး အစီအမံတွေကိုပါ အကဲစမ်းလာခဲ့ပါတယ်။ အခုဆိုရင် နယ်စပ်မှာ စစ်ရှောင် ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ထောင်ဂဏန်းအတွက်လည်း ထိုင်း မျှဝေ တာဝန်ယူရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
နယ်စပ် လုံခြုံရေးအပေါ် စိုးရိမ်တာနဲ့ ပတ်သက်ပြီး မားရစ်က ထိုင်းအစိုးရဟာ ဒီပြဿနာအတွက် ပြည့်စုံပြီး ထိရောက်တဲ့ မူဝါဒတွေ ချမှတ်နိုင်ရေး အပတ်တကုတ် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုင်းဟာ မြန်မာအပြင် မလေးရှား၊ ကမ္ဘောဒီးယား၊ လာအိုတို့နဲ့လည်း နယ်စပ် ထိစပ်နေပါတယ်။
ဒါပေမဲ့ ထိုင်း-မြန်မာ နယ်စပ်ရေးရာ အခြေအနေကတော့ လက်ရှိ အနေအထားအရ အရှုပ်ထွေးဆုံး ဖြစ်နေပါတယ်။ ပြီးတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစတဲ့ ကဏ္ဍပေါင်းစုံ ရစ်ထွေး ယှက်နွယ်နေတယ်။ နယ်စပ်တကြောက မြန်မာဖက်ခြမ်းမှာ ကရင်၊ ရှမ်း၊ ကယားစသဖြင့် စုံလင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အခြေချပြီး နေပြည်တော်က စစ်ဗိုလ်ချုပ်တွေကို တော်လှန် တိုက်ခိုက်နေပါတယ်။
နောက်ပိုင်းမှာ မြန်မာဖက်က စစ်ရှောင်တွေနဲ့ ရွှေ့ပြောင်း အခြေချသူတွေ တအုံတမနဲ့ ဝင်ရောက်လာတဲ့အခါ ထိုင်းက မူဝါဒရေးရာ ချမှတ်သူတွေ အတွက် သင့်တော်တဲ့ ဖြေရှင်းချက်တွေကို ရှာဖွေဖို့ အတော်လေး အလုပ်များလာပါတယ်။ ရောက်ရှိလာသူတွေဟာ ကွဲပြားတဲ့ နောက်ခံ အခြေအနေ၊ ကျွမ်းကျင်မှု၊ အရင်းအမြစ်နဲ့ ရည်မှန်းချက်တွေ ရှိနေပြီး အားလုံးကို ခြုံငုံမိစေမယ့် မဟာဗျူဟာမျိုးတွေ လတ်တလော မချမှတ်နိုင်သေးပါဘူး။ ဒါဟာ ရှစ်လေးလုံး မျိုးဆက်တွေတုန်းက ကြုံခဲ့ရတဲ့ အနေအထားနဲ့ ကွာခြားပါတယ်။
မကြာသေးခင် အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်တွေဟာ ထိုင်းကွန်ဒိုတွေ ရောင်းချမှုမှာ ပါဝင် အကျိုးဆောင်ပေးခဲ့တဲ့ မြန်မာနိုင်ငံသား အေးဂျင့် ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဒီအခြေအနေမျိုးတွေက မြန်မာနိုင်ငံမှာ မူဝါဒရေးရာ ကိစ္စတွေကြောင့်ပါ စီးပွားရေး အခြေအနေတွေ ပိုဆိုးရွားလာနိုင်သေးတယ် ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ထိုင်းမှာ မြန်မာနိုင်ငံသားတွေ ကွန်ဒို ဝယ်ယူမှုက မြန်မြန်ဆန်ဆန် အရှိန်မြင့်တက်လာရင်း ရုရှားတွေကို ကျော်ပြီး ဒုတိယ အများဆုံး ကွန်ဒိုဝယ်ယူသူ နိုင်ငံခြားသားတွေအဖြစ် တရုတ်တွေနောက်မှာ စာရင်းဝင်လာခဲ့ပါတယ်။
နောက်ပြီး မြန်မာစစ်တပ်က အသက်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရ စနစ်ကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေး ခိုလှုံလာတဲ့ မြန်မာလူငယ်တွေ အရေအတွက်ကလည်း ထောင်ဂဏန်း အတော်များများ ရှိလာပါတယ်။ တချိန်တည်းမှာပဲ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်ပြီး ခိုလှုံလာသူ ဦးရေကလည်း မြင့်တက်လာတယ်။ ထိုင်းကနေတဆင့် တခြား တတိယ နိုင်ငံတွေဆီ သူတို့တွေ ကူးပြောင်းသွားဖို့ အခွင့်အလမ်းက အတော်နည်းပါးပါတယ်။
မမေ့သင့်တာက တက်ခ်၊ ကန်ချနာဘူရီ၊ ရတ်ချာဘူရီနဲ့ မယ်ဟောင်ဆောင်တို့မှာ ရှိနေတဲ့ စစ်ရှောင်စခန်းတွေမှာ ရှိနေတဲ့ မြန်မာနိုင်ငံသား ၈၀၀၀၀ လောက်ရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့ အစိုးရဟာ ဆုံးဖြတ်ချက် တခုခု ချမှတ်ရပါတော့မယ်။ သူတို့ဟာ အဲဒီ စခန်းတွေမှာ နေထိုင်နေတာ ဆယ်စုနှစ် သုံးခုကျော်လောက် နေထိုင်ခဲ့ကြပြီး တတိယ နိုင်ငံတွေဆီ ရွှေ့ဖို့ အခွင့်အလမ်း ထပ်မရနိုင်လောက်တော့ပါဘူး။
မြန်မာ့ အကျပ်အတည်းနဲ့ ပတ်သက်လို့ အမျိုးသား ကော်မတီ တခုကို စုဖွဲ့ဖို့ ပြင်ဆင်နေတာတွေလည်း ကြေညာဖို့ ရှိပါတယ်။ ချင်းမိုင်မှာတော့ လက်နက်ကိုင် အစုအဖွဲ့တွေ၊ နယ်စပ်လုံခြုံရေး အရာရှိတွေနဲ့ တခြားအရာရှိတွေဟာ နယ်စပ် လုံခြုံရေးနဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အနာဂတ် စိန်ခေါ်မှုတွေအတွက် အစွမ်းကုန် ခေါင်းချင်းရိုက်ပြီး ဆွေးနွေး တိုင်ပင်ခဲ့ကြပါတယ်။
မြန်မာ့ ပြည်တွင်းရေး အခြေအနေက မပြောင်းလဲဘဲ ခိုလှုံသူ ဦးရေက ဆက်တိုက် တိုးလာမယ်ဆိုရင် ထိုင်းအစိုးရ အနေနဲ့ ရှိရင်းစွဲ နယ်စပ် စီမံရေး အစီအမံတွေ မတန်တဆ ဖိစီးမှု များလာမှာကို စိုးရိမ်ရမယ့် သဘောပါ။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မာရစ်က အလေးအနက် ထပ်ပြောသွားတာက အာဆီယံရဲ့ မူဘောင်တွေ (ဘုံသဘောတူညီချက် ၅ ရပ်)နဲ့အညီ သံတမန်ရေးအရ ဖြေရှင်းဖို့ပဲ အဓိက ဦးတည်သွားမယ် ဆိုတာပါ။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပဋိပက္ခတွေကို ဖြေရှင်းဖို့ ထိုင်းအစိုးရဟာ အာဆီယံ မိတ်ဖက်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိခဲ့ပေမယ့် ဖျူထိုင်းပါတီ (PTP) ဦးဆောင်တဲ့ လက်ရှိ ညွန့်ပေါင်း အစိုးရ လက်ထက်မှာတော့ ထိုင်းရဲ့ အခန်းကဏ္ဍဟာ ပိုမို ထင်ရှား မြင်သာလာနေခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ စစ်ရေး အခြေအနေတွေကို ကြည့်မယ်ဆိုရင် စစ်တပ်ဟာ သူတို့ရဲ့ အာဏာထိန်းချုပ်နိုင်မှုကို ဆက်ပြီး အာမခံချက် ပေးနိုင်မယ့် ထွက်ပေါက်မျိုးကို မဟာဗျူဟာမြောက် အသည်းအသန် ရှာဖွေနေပါတယ်။
တကယ်တမ်း လက်တွေ့ကျတဲ့ ဗျူဟာတခုဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလတုန်းက အာဆီယံက အဆိုပြုခဲ့တဲ့ မြန်မာ့အရေး ကူညီဖြေရှင်းမှု ဘုံသဘောတူညီချက် ၅ ရပ်ပါပဲ။ ဒါပေမဲ့ အခုထိတော့ အဲဒီ အချက်တွေကို စစ်တပ်က လေးစားလိုက်နာပြီး အကောင်အထည်ဖော်မှု အားနည်းလွန်းနေပါတယ်။
ဇူလိုင် ၂၁ ကနေ ၂၇ ရက်နေ့ထိ အတောအတွင်း အာဆီယံရဲ့ ဝန်ကြီးအဆင့် အစည်းအဝေးကို လာအိုရဲ့မြို့တော် ဗီယန်ကျင်းမှာ ကျင်းပဖို့ ရှိနေပြီး စစ်ကောင်စီ အနေနဲ့ ကောင်းမွန်တဲ့ သဘောထား အမြင်မျိုး ပြသဖို့ အရေးပါလာပါလိမ့်မယ်။
အာဆီယံဖက်က တောင်းဆိုမှုတွေကတော့ မြန်မာ ပြည်သူတွေအပေါ် အကြမ်းဖက် ရန်လိုမှုတွေကို ရပ်တန့်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ စစ်ဘေးသင့် ပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့တွေ ဖြစ်ပါတယ်။ အဲဒီ အချက်တွေကို လိုက်နာ ကျင့်သုံးခြင်း ရှိမရှိဆိုတာကို မူတည်ပြီး မြန်မာစစ်တပ်နဲ့ အာဆီယံကြား တွဲမလား၊ ကွဲမလား ဆိုတာက အဖြေပေါ်လာနိုင်ပါတယ်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ လာအိုကတော့ မြန်မာ့အရေးအတွက် အာဆီယံ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ကျင်းပဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ အဲဒီ အစည်းအဝေးဟာ အာဆီယံရဲ့ အရင် ဥက္ကဋ္ဌ၊ လက်ရှိ ဥက္ကဋ္ဌနဲ့ နောက်ဆက်တွဲ ဆက်ခံမယ့် ဥက္ကဋ္ဌတို့ကြား မြန်မာနိုင်ငံအရေး မူဝါဒတွေကို စဉ်ဆက်မပြတ် လက်ဆင့်ကမ်းနိုင်အောင် ဆွေးနွေးဖို့ ရည်ရွယ်ထားတာပါ။ လက်ရှိ အခြေအနေမှာတော့ လာအို၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့ကြား အစည်းအဝေး ကျင်းပမှာ ဖြစ်သလို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် လာအိုက ခန့်အပ်ထားသူ အလွန်ကောင် ကစ်တီခွန်က ဇူလိုင် ၂၄ ရက်နေ့ အစည်းအဝေးကို ကြီးမှူးမှာ ဖြစ်ပါတယ်။
အဲဒီ အစည်းအဝေးမှာ ဥက္ကဋ္ဌဟောင်းနဲ့ ဥက္ကဋ္ဌလောင်း နိုင်ငံတွေက လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌကို ဘယ်လို အကူအညီ ပေးနိုင်မလဲ ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်သလို အာဆီယံရဲ့ ငြိမ်းချမ်းရေး အစီအမံတွေအတွက် သီးခြား တာဝန်တွေ ခွဲယူနိုင်မလား ဆိုတာကိုလည်း ဆန်းစစ်ကြည့်ရမှာပါ။
အရေးကြီးတဲ့ ကိစ္စတခု ကျန်နေပါသေးတယ်။ ဗီယန်ကျင်းမှာ ကျင်းပမယ့် ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို မြန်မာနိုင်ငံရဲ့ (အာဏာသိမ်း စစ်တပ်ရဲ့) နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ကိုယ်စားလှယ် တက်ရောက်ခွင့်ပြုဖို့ လာအိုက ဖိတ်ကြားမလား ဆိုတာပါ။
လက်ရှိ အခြေအနေမှာတော့ နေပြည်တော်မှာရှိတဲ့ စစ်ဗိုလ်ချုပ်တွေဖက်က နည်းနည်းမှ အလျှော့ပေးမယ့်ပုံ မပေါ်ဘဲ ခေါင်းမာနေဆဲ ဖြစ်တာကြောင့် အာဆီယံရဲ့ မူဝါဒတွေကလည်း ပြောင်းလဲဖွယ် မရှိသေးပါဘူး။ ဒါပေမဲ့ ဇန်နဝါရီ လကုန်ပိုင်းတုန်းက လာအိုဟာ မြန်မာစစ်တပ် ထိပ်တန်း အရာရှိ တချို့ကို လောင်ပရာဘွန်က ဆွေးနွေးပွဲ တခုဆီ ဖိတ်ကြားခဲ့ပါတယ်။
မာရစ်ကတော့ ထိုင်းဟာ မြန်မာ့ စစ်ဘေးသင့် ကျေးရွာတွေမှာရှိတဲ့ ဒေသခံ လူ့အဖွဲ့အစည်းတွေဆီ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့ရေးဆိုတဲ့ မူဝါဒကို ဆက်လက် အားပေး အကောင်အထည် ဖော်သွားမယ်လို့ ပြောပါတယ်။ ဧပြီလကစလို့ ထိုင်းဟာ မြန်မာဖက်နဲ့ ပူးပေါင်းပြီး စစ်ဘေးသင့် ကျေးရွာတွေဆီ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့မှု အစီအမံတွေ အကောင်အထည် ဖော်ခဲ့ပါတယ်။
အဲဒီ အစီအမံရဲ့ ပထမအသုတ် ရလဒ်တွေက အားရစရာ ဖြစ်ခဲ့တာကြောင့် မယ်ဆာရိုင်နဲ့ မယ်ဟောင်ဆောင်တို့ကို အခြေပြုပြီး ဒုတိယအသုတ် အစီအမံတွေက အချိန်မရွေး ထပ်မံ ရုပ်လုံးပေါ်လာနိုင်ပါတယ်။
ဒီတကြိမ်မှာ လုပ်ငန်းဆောင်ရွက်မှု နယ်ပယ်က ပိုကျယ်ပြန့်လာနိုင်ပြီး လွှမ်းခြုံမယ့် ဧရိယာရော၊ အထောက်အပံ့တွေ လက်ခံမယ့် ဦးရေကပါ ပိုမို ကြီးမားလာနိုင်ပါတယ်။ လာမယ့် ရက်ပိုင်းတွေအတွင်း အဲဒီကဏ္ဍအတွက် အာဆီယံ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေဆီကပါ ရန်ပုံငွေ အထောက်အပံ့တွေ ပိုတိုးလာနိုင်ပါတယ်။ အထောက်အပံ့ ပစ္စည်းတွေ ခွဲဝေပေးမှုကိုတော့ အာဆီယံရဲ့ လူသားချင်း စာနာမှု အထောက်အပံ့ ပူးပေါင်းဆောင်ရွက်ရေး စင်တာကပါ မြန်မာစစ်တပ် အာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီး တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
စစ်တပ်က အာဆီယံရဲ့ အစီအမံတွေအတိုင်း လိုက်နာ ဆောင်ရွက်မယ်ဆိုရင် နောက်ထပ် လူသားချင်း စာနာမှု အထောက်အပံ့တွေက ပိုမို တိုးပွား ရရှိလာစေသင့်ပါတယ်။ အခွင့်အခါ သင့်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် ရည်စူးတဲ့ နိုင်ငံတကာ အလှူရှင်တွေ စုစည်းထားတဲ့ ညီလာခံမျိုးလည်း ပေါ်ထွန်းလာနိုင်ပါတယ်။
နောက်ဆုံးအချက်ကတော့ မြန်မာ့အရေးမှာ ဆက်စပ်အင်အားစု အားလုံးနဲ့ ထိုင်းက ချိတ်ဆက် ဆွေးနွေးခြင်းပါပဲ။ PTP ဦးဆောင်တဲ့ ထိုင်းညွန့်ပေါင်း အစိုးရဟာ အဲဒီလို လက်ပေါင်းစုံ လမ်းဖွင့်ပေးထားတဲ့ ဆွေးနွေးပွဲတွေကို ပိုမို လုပ်ဆောင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဆွေးနွေးဖက်တွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ တော်လှန်ရေး အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ အရာရှိတွေလည်း ပါဝင်ခဲ့ပါတယ်။
အရင်လူတွေနဲ့ ယှဉ်ရင်တော့ လက်ရှိ ထိုင်းအစိုးရ လက်ထက်မှာ မြန်မာစစ်တပ်နဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှုတွေက ပိုပြီးတော့ ကျဲပါးလာနေပါတယ်။
PTPရဲ့ ပဲ့ကိုင်ရှင်လို့ ပြောနိုင်တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာ ဧပြီလတုန်းက မြန်မာနိုင်ငံမှာ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အပါအဝင် တော်လှန်ရေး အင်အားစု တချို့ကို တွေ့ဆုံပြီး မြန်မာ့အရေးမှာ ကြားဝင် စေ့စပ်ပေးသူအဖြစ် သူ့ကို လက်ခံ အသိအမှတ်ပြုဖို့ စည်းရုံးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အားထုတ်မှုဟာ သက်ဆင်ရဲ့ အားနည်းချက်တွေကြောင့် အထမမြောက်ဘဲ မျက်နှာပျက်စရာတွေသာ ဖြစ်ခဲ့ပါတယ်။ အကျိုးဆက်က ထိုင်းနဲ့ အာဆီယံတို့ရဲ့ မြန်မာ့အရေး သံတမန်နည်းလမ်းအရ ကူညီဖြေရှင်းဖို့ အားထုတ်မှုတွေကိုတောင် ထိခိုက်သွားစေနိုင်ပါတယ်။
အနာဂတ်မှာတော့ နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းတွေဟာ ထိုင်း-မြန်မာ နယ်စပ်မှာ လူသားချင်း စာနာမှု ထောက်ပံ့ရေး လုပ်ငန်းတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခွင့် ရလာနိုင်ခြေတွေ ရှိနေပါတယ်။
လောလောဆယ် မြန်မာနိုင်ငံမှာတော့ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ ဂျပန်ရဲ့ ဆာဆာကာဝါ ဖောင်ဒေးရှင်းတို့သာ ထောက်ပံ့ရေး ကဏ္ဍမှာ ကူညီနိုင်တဲ့ နိုင်ငံတကာ အန်ဂျီအိုတွေအဖြစ် ခွင့်ပြုချက် ရထားပါတယ်။ နောက်ပြီး ဆိုင်ကလုန်းနာဂစ်နဲ့ ရိုဟင်ဂျာ အရေးအခင်းတို့ရဲ့ အတွေ့အကြုံတွေအပေါ် မူတည်ပြီး မြန်မာစစ်တပ်ဟာ နိုင်ငံတကာ အန်ဂျီအိုတွေအပေါ် သံသယ ကြီးကြီးမားမားနဲ့ ဆက်ဆံနေဆဲ ဖြစ်ပါတယ်။
(Bangkok Post သတင်းဌာန၏ Thailand recharges Myanmar policy အယ်ဒီတာ့အာဘော် ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)