ဇွန်၊ ၇
တပတ်ရစ် Mirage 2000 တိုက်လေယာဉ်တွေကို ယူကရိန်းဆီ ထောက်ပံ့ ပေးပို့သွားမယ်လို့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က အတည်ပြုခဲ့ပါတယ်။
ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီ ဂျာမနီ ထိန်းချုပ်ထားရာ ပြင်သစ်နိုင်ငံကို မဟာမိတ် တပ်ဖွဲ့တွေ ကမ်းတက် တိုက်ခိုက်ခဲ့တဲ့ နော်မန်ဒီ စစ်ဆင်ရေးကြီး အစပြုခဲ့ရာ D-Day နှစ်ပတ်လည်ဖြစ်တဲ့ ဇွန်လ ၆ ရက်နေ့မှာ မာခရွန်က အခုကြေညာချက်ကို အတည်ပြု ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မဟာမိတ်တပ်တွေ အသက်သွေးချွေးပေါင်း မြောက်မြားစွာ စတေးပြီး တိုက်ယူခဲ့ရတဲ့ ဥရောပရဲ့ ငြိမ်းချမ်းရေးဟာ မျက်မှောက် ကာလမှာ ယူကရိန်းက ဆက်လက် ကြံ့ကြံ့ခံနေမှသာ အဓွန့်ရှည်လိမ့်မယ်လို့ မာခရွန်က ဆိုပါတယ်။
ယူကရိန်းဟာ ကျူးကျော်သူ ရုရှားတပ်တွေက နိုင်ငံ အရှေ့မြောက်ပိုင်း စစ်မျက်နှာတွေမှာ အသာစီးယူပြီး ရှေ့တိုးချီတက်လာနေတာကို တွန်းလှန်ဖို့အတွက် အနောက်မဟာမိတ် နိုင်ငံတွေဆီက စစ်လက်နက် အကူအညီတွေ ပိုမို တောင်းခံနေပါတယ်။
ယူကရိန်းဟာ ဆိုဗီယက်လုပ် MiG-29လို ခေတ်မမီတော့တဲ့ တိုက်လေယာဉ်တွေကို အကြီးအကျယ် မှီခိုနေရဆဲ ဖြစ်တာကြောင့် လေကြောင်းစိုးမိုးမှု စွမ်းရည်မှာ ပြင်သစ်ကို ဘယ်လိုမှ မယှဉ်သာဘဲ ဖြစ်နေခဲ့ပါတယ်။ အဲဒီအတွက် ဥရောပ မဟာမိတ် နိုင်ငံတချို့ စုပေါင်းပြီး ယူကရိန်းအတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ပေးဖို့ စီစဉ်နေပြီးသားပါ။
အခုအခါ ပြင်သစ်ကလည်း ပြည်တွင်းဖြစ် ထုတ်လုပ်ထားတဲ့ Mirage 2000-5 တိုက်လေယာဉ်တွေကို ယူကရိန်းအတွက် ပေးပို့သွားဖို့ ဆုံးဖြတ်လိုက်တာပါ။ မာခရွန်က အခုအခါ ပြင်သစ် လေတပ်က အနားပေးထားပြီးဖြစ်တဲ့ အတော်လေး သက်တမ်းအိုမင်းနေတဲ့ Mirage 2000Cတွေနဲ့ မြေပြင် တိုက်ခိုက်ရေးမှာ အဓိက အသုံးပြုတဲ့ Mirage 2000Dတွေကို ယူကရိန်းဆီ ပေးပို့မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။
Mirage 2000-5တွေအတွက် လိုအပ်မယ့် လေယာဉ်မှူးတွေနဲ့ မြေပြင်ဝန်ထမ်းတွေအတွက် လေ့ကျင့်ရေး အစီအမံတွေကိုပါ ပြင်သစ်က ကူညီ ထောက်ပံ့ပေးသွားမှာပါ။ ပြင်သစ် လေတပ်မှာ လက်ရှိ အချိန်ထိ Mirage 2000-5 တိုက်လေယာဉ် ၃၇ စီး ရှိနေဆဲဖြစ်ပြီး မူလက လက်ရှိနဲ့ ၂၀၂၉ ခုနှစ်တွေအတွင်း အနားပေးဖို့ ရည်ရွယ်ထားခဲ့ပါတယ်။
ဒါပေမဲ့ ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဆီဘက်ရှန် လီကော်ညူက အဲဒီလေယာဉ်တွေ နေရာမှာ အစားထိုးမယ့် Rafale တိုက်လေယာဉ်တွေ မြန်မြန် ရောက်လာမှာမို့ အနားပေးမယ့် အစီအစဉ်ကို အချိန်ရှေ့တိုးလို့ ရခဲ့ကြောင်း ပြောဖူးပါတယ်။ အခုတော့ အဲဒီလေယာဉ်တွေကို ယူကရိန်းဆီ လွှဲပေးမယ့် အဓိပ္ပါယ်ပါပဲ။
ယူကရိန်း လေတပ်ဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်တဲ့ စစ်ပွဲကို Su-24၊ SU-25 တိုက်ခိုက်ရေး လေယာဉ်တွေ၊ Su-27နဲ့ MiG-29 တိုက်လေယာဉ်တွေလိုမျိုး စစ်လေယာဉ် စုစုပေါင်း ၁၂၅ စီးလောက်နဲ့ ပါဝင် ဆင်နွှဲခဲ့ရတာပါ။ ၂၈ လတာ စစ်ပွဲအတွင်း ယူကရိန်းဟာ စစ်လေယာဉ် အစီး ၈၀ လောက်ကို ဆုံးရှုံးခဲ့ရပြီး အဲဒီ လေယာဉ်တွေကို ဆိုဗီယက် ပြည်ထောင်စု အစိတ်အပိုင်းဟောင်းတွေ ဖြစ်ခဲ့ဖူးတဲ့ မက်စီဒိုးနီးယား၊ ပိုလန်၊ ဆလိုဗက်ကီးယားတို့က လှူဒါန်းတဲ့ ဆိုဗီယက်ဒီဇိုင်း လေယာဉ်တွေနဲ့ပဲ ပြန်အစားထိုးခဲ့ရပါတယ်။
ယူကရိန်း လေတပ်ရဲ့ စစ်ရေး စွမ်းရည်ကို ပိုမို မြှင့်တင်နိုင်ဖို့အတွက် ဘယ်လ်ဂျီယမ်၊ ဒိန်းမတ်၊ နယ်သာလန်နဲ့ နော်ဝေးတို့လို နိုင်ငံတွေ စုပေါင်းပြီး အမေရိကန် ကုမ္ပဏီ Lockheed Martinက ထုတ်လုပ်တဲ့ F-16 ဘက်စုံသုံး အပေါ့စား တိုက်လေယာဉ် ၈၅ စီးလောက်ကို ထောက်ပံ့ ပေးပို့ဖို့ သဘောတူထားပြီး ပထမအသုတ် ယူကရိန်း လေယာဉ်မှူးတွေကို အမေရိကန်၊ ဒိန်းမတ်နဲ့ ရိုမေးနီးယား နိုင်ငံတွေမှာ လက်ခံ လေ့ကျင့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
Ref: Forbes