မွန်နဲ့ကရင်နယ်စပ်ရွာတွေက စစ်ရှောင်နေအိမ်ရာချီ ဖောက်ထွင်းခံရ

Photo – Social media

မေ၊ ၁

တိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ဘေးရှောင် နေရတဲ့ မွန်နဲ့ကရင်ပြည်နယ်အစပ် ကျေးရွာတွေက ရာနဲ့ချီတဲ့နေအိမ်တွေကို  စစ်ကောင်စီတပ်ဖွဲ့တွေက ဖောက်ထွင်းထားပြီး ငွေကြေးအပါအဝင်တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းတွေ ခိုးယူခံထား ရ တယ်လို့ နေအိမ်ကို ခေတ္တပြန်သွားကြတဲ့ ဒေသခံတွေက ပြောပါတယ်။

“မီးခံသေတ္တာတွေကအစ ဖောက်ထားတာ၊ တချို့က ရုတ်တရက်ထွက်ပြေးတော့ ငွေတွေ ကျန်ခဲ့တာ ရှိ တယ်၊ ယူလို့မခင်ဘူးလေ၊ ဆိုင်ကယ်တွေ၊ ကားတွေ ဆိုရောဘဲ၊ ဘက်ဟိုးကားတွေတောင် ယူသွားတာ ပါဆို၊ ကျွန်တော့်အဒေါ်အိမ်က ဘက်ဟိုးကား” လို့ နေအိမ်ဖောက်ထွင်းခံလိုက်ရတဲ့ ကော့ကရိတ် မြို့ နယ်၊ ကော့ဘိန်းကျေးရွာဒေသခံတဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ နေအိမ်ဖောက်ထွင်းယူ ဆောင်သွားတဲ့ပစ္စည်းတွေကို ကားနဲ့တင်သွားတာ ရှိသလို တချို့ပစ္စည်းတွေကို ရေကြောင်းကနေ စစ်သင်္ဘောနဲ့လည်း သယ်ယူကြတယ်လို့ ဆိုပါတယ်။

ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာထဲကို ဧပြီ ၂၅ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားသုံးရာနီးပါးနဲ့ ရုတ်တရက်စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် တန်းဖိုကြီးပစ္စည်းတချို့ကိုသာယူနိုင်ပြီး  အဝတ်တထည်ကိုယ်တခုနဲ့ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေချိန်မှာ နေအိမ်အတွင်းကျန်ရှိနေတဲ့ ကား၊ ဆိုင်ကယ်၊ စက်ယန္တရားနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကို စစ်ကောင်စီတပ်ကယူသွားတဲ့ပြင် နေအိမ်တွေကို ဖျက်ဆီးထားတာတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

“အမတို့အိမ်ဆို ဘာမှကို ရစရာမရှိတော့ဘူး၊ ကုန် စုံဆိုင်ဖွင့်ထားတာလေ၊ အရက်ဘီယာတွေကို ပါ ကင်လိုက် ရာဂဏန်းနဲ့ချီရှိတာ၊ အဲဒါတွေ အကုန် သယ်သွားတယ်၊ ဆိုင်ခန်းတွေဆို ရိုက်ဖျက် ထားတာ၊ ပစ္စည်းယူသွားတာ တော်ရောပေါ့၊ အခုက အိမ်က ပြန်နေလို့မရအောင် ဖျက်ဆီးထားတာ ဆို တော့ ခံစားရတာပေါ့၊ ချွေးနည်းစာနဲ့ လုပ်ကိုင်စုဆောင်းထားရတာလေ” လို့ ကျိုက်မရောမြို့နယ် ကော့ပလိုင်းကျေးရွာဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

ဂျိုင်းမြစ်ကမ်းနား ရမ္မာဝတီကားလမ်းတလျှောက်မှာ တဆက်တည်းရှိနေတဲ့ တရာနာကျေးရွာ၊ ကော့သပ်၊ သံကလောင်၊ ကော့ဝမ်အစရှိတဲ့ ကျေးရွာဆယ်ရွာထက်မနည်းက နေအိမ်တွေကိုလည်း အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေက ဖောက်ထွင်းထားကြတယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကော့ပလိုင်း၊ ကော့ဘိန်း၊ တရနာကျေးရွာတွေမှာ တပ်စွဲထားဆဲဖြစ်ပြီး ဒေသခံတွေကို နေရပ်ပြန်လာနေထိုင်ကြဖို့ကိုလည်း အတင်းအကျပ်ဖိအားမှုတွေ ရှိနေတယ်လို့ တရနာကျေးရွာဒေသခံတဦးက ပြောပါတယ်။

“ရွာပြန်လာရင် စားသောက်ဖို့ ဆန်ပေးမယ်၊ စစ်သားတွေ ရွာကို လုံခြုံရေးယူပေးမယ်၊ ကျွန်မတို့က ဘယ်လို ပြန်လာရဲမလဲ၊ စစ်သားတွေရှိနေရင် နောက် PDF တွေ ရွာထဲကို လာတိုက်ရင် ထွက်ပြေးနေရအုန်းမယ်၊ သူတို့(စစ်သား)က ဖမ်းမှာလည်း ကြောက်တယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီရဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ဟာ ပြီး ခဲ့တဲ့ရက်ပိုင်းက ဓမ္မသကျေးရွာကို ရောက် ရှိလာပြီး ဒေသခံတွေ နေရပ် ပြန်လာကြဖို့ ပြောဆိုခဲ့ပြီးနောက်  နေရပ်ကို ပြန်လာသူတွေရှိပေမယ့် ရွာအဝင်လမ်းတွေမှာ စစ်ကောင်စီတပ်က အိမ်ထောင်စု၊ မှတ်ပုံတင်စာရင်းတွေကို သေချာတိုက်ဆိုင်စစ်ဆေးပြီးမှ ရွာထဲ ဝင်ခွင့်ပြုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေရပ်ပြန်လာကြတဲ့ဒေသတွေကိုလည်း ရွာအဝင်လမ်းဝမှာ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပြီး ရွာထဲပြန်ဝင်နေမယ့် အိမ်ထောင်စုတစုကို တသောင်းကျပ်နေ ငါးသောင်းကျပ်အထိ ပေးဆောင်နေရတယ်လို့ ဆိုပါတယ်။

“ကိုယ်တိုင်ပေးခဲ့ရတာ၊ လိမ်မပြောဘူး၊ နှစ်သောင်းပေးရတာ၊ ကိုယ့်ရွာကိုယ်ပြန်တာတောင် ပိုက်ဆံပေးရတယ်၊ ရွာထိပ်မှာ တော်တော်စစ်နေတာလေ၊ အခုတော့ ပြန်ထွက်လာလို့ ပြောရဲတာ၊ ရွာကို ပြန်လာတဲ့သူတွေ ပိုက်ဆံပေးရတာတို့ဘာတို့ မပြောရဲကြဘူး” လို့ ရွာလုံးကျွတ်နီးပါးနေအိမ်မီးလောင်ပြာကျသွားတဲ့ ဓမ္မသ ကျေးရွာခံအမျိုးသားတဦးက ပြောပါတယ်။

လက်ရှိ မွန်နဲ့ကရင်နယ်စပ်ကြားက စစ်ဘေးရှောင် ပြည်သူကိုးဆယ်ရာခိုင်နှုန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး တချို့က မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်၊ သံဖြူဇရပ်မြို့နယ်တွေဘက်ကို တိမ်းရှောင်နေကြပေမယ့် သုံးသောင်းနီးပါးကတော့ တောတောင်တွေထဲမှာ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ စစ်ရှောင်တွေကိုကူညီနေသူတွေကပြောပါတယ်။

တောတောင်တွေထဲ တိမ်းရှောင်နေကြတဲ့ပြည်သူတွေအတွက် စားနပ်ရိက္ခာကူညီထောက်ပံ့ခွင့်ကို စစ်ကောင်စီဘက်က ကန့်သတ်ထားတာကြောင့် နေထိုင်စားသောက်ဖို့ အခက်အခဲတွေကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်ဘေးရှောင်တွေအတွက် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းအပါအဝင် ဌာနဆိုင်ရာအစိုးရအဖွဲ့တွေက ဓမ္မသကျေးရွာကို ရောက်ရှိချိန် ဒေသခံတွေကို စားသောက်ဖွယ်ရာနဲ့ အလှူငွေ တချို့ ထောက်ပံ့ခဲ့ရာမှာ ဟန်ပြအနေနဲ့သာ လုပ်ဆောင်ခဲ့ပြီး ထောက်ပံ့ထားတဲ့ ပစ္စည်းအားလုံးနီးပါးကို ပြန်ယူသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“မပြန်ရဲကြဘူး၊ နီးစပ်တဲ့ ရွေ့ပြောင်းလုပ်သားတွေကို ခေါ်ပြီး ဓါတ်ပုံရိုက်၊ ပြီးရင် ဆန်တယောက်နှစ်ပြည်လောက်ပေးပြီးတော့ ငါးသေတ္တာတကဒ်နဲ့ ပေးတာပဲ၊ ကျန်တဲ့ပစ္စည်းတွေကို သူတို့ရွာမှာရှိတဲ့ စစ်သားတွေပဲ ပြန်ယူသွားတာ”လို့ စစ်ရှောင်တွေကိုအကူအညီပေးနေတဲ့ သံဃာတော်တပါးက မိန့်ကြားပါတယ်။