မတ်၊ ၂၆
တိုက်ပွဲဖြစ်နေတဲ့ မောင်တောမြို့နယ်မှ ခရိုင်ဆေးရုံအုပ်နဲ့ လက်ထောက်ဆရာဝန်တဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ထားပြီး ပြည်ပနိုင်ငံတွေဆီ မထွက်ခွာနိုင်ရေး အမည်မဲစာရင်းသွင်းဟန့်တားဖို့ ညွန်ကြားထားတယ်လို့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ မောင်တောခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ဖြစ်သူ ဒေါက်တာနုကေသီစံနဲ့ လက်ထောက်ဆရာဝန်ဖြစ်သူ ဒေါက်တာအောင်နိုင်လင်းတို့ကို ပြီးခဲ့တဲ့ မတ်လ ၂၅ ရက် နေ့စွဲနဲ့ ဖမ်း၀ရမ်းထုတ်ခဲ့တာလို့ ဆိုပါတယ်။
“ဆေးရုံ၊ ဆေးခန်းတွေ အကုန်ပိတ်ခိုင်းပြီး စစ်တွေကို လာခိုင်းတယ်လေ၊ နုတ်မိန့်နဲ့ လာခိုင်းတာ၊ အဲဒါကို မသွားကြတော့ ဒီလို၀ရမ်းထွက်လာတာ၊ တခြားဆရာ၊ ဆရာမတွေလည်း ရှောင်နေကြရတယ်”လို့ မောင်တောမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတွေနဲ့ နီးစပ်တဲ့ဒေသခံတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီဟာ မောင်တောမြို့ခရိုင်ပြည်သူဆေးရုံကို ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့မှာ ပိတ်ခိုင်းခဲ့ပြီးဆရာဝန်တွေ၊ သူနာပြုတွေအပါအဝင် ဆေးရုံဝန်ထမ်းအားလုံးကို ပြည်နယ်မြို့တော်စစ်တွေသို့ လာကြဖို့ နုတ်မိန့်နဲ့ ဆင့်ခေါ်ခဲ့တာလို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
ဒါပေမယ့် မောင်တောဆေးရုံမှ ဝန်ထမ်းတွေဟာ လမ်းခရီးသွားလာဖို့ ခက်ခဲတာ၊ စစ်ကောင်စီရဲ့ဖမ်းဆီး ခြင်းခံရမှာ စိုးရိမ်တာအပါအ၀င် အခက်အခဲတွေကြောင့် မသွားခဲ့ကြဘူးလို့ နီးစပ်သူတွေက ပြောထားကြပါတယ်။
စစ်ကောင်စီဟာ မောင်တောခရိုင်ဆေးရုံအုပ်နဲ့ လက်ထောက်ဆရာဝန်တို့ကို ဘာကြောင့်ဖမ်း၀ရမ်းထုတ်တယ်ဆိုတာနဲ့ပက်သက်လို့ DNA က အသေးစိတ်မသိရပေမယ့် စစ်ကောင်စီရဲ့၀ရမ်းထုတ်ညွန်ကြားစာထဲမှာတော့ ရက္ခိုင့်တပ်တော်(AA)ထိန်းချုပ်နယ်မြေဆီ တိမ်းရှောင်သွားတာကြောင့်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ထားတဲ့ ဒေါက်တာနုကေသီစံနဲ့ ဒေါက်တာအောင်နိုင်လင်းတို့ဟာ ရခိုင်လူမျိုးဆရာဝန်တွေဖြစ်ကြပါတယ်။
စစ်ကောင်စီဟာ မောင်တောမြို့ဆေးရုံအပြင် မြို့ပေါ်မှာရှိတဲ့ ပုဂ္ဂလိကဆေးခန်းတွေကိုလည်း ပိတ်ခိုင်းခဲ့တာဖြစ်ပြီး အခုလက်ရှိမှာ မောင်တောမြို့တွင်း ဆေးရုံ၊ ဆေးခန်းတခုမှ မလည်ပတ်တော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့ကြောင့် မောင်တောမြို့နယ်အတွင်းက ကိုယ်ဝန်ဆောင်တွေအပါအဝင် လူနာတွေမှာ အခက်အခဲ ကြုံနေကြရတယ်လို့ ပြောကြပါတယ်။
“ဆေးရုံလည်းပိတ်သွားပြီ ဆေးခန်းတွေ လည်း မရှိတော့ဘူး၊ လူနာတွေအတွက် တော်တော်အခက်အခဲ၊ ဆရာဝန်တွေက လူနာတွေကို စေတနာနဲ့ နေပြီးကုပေးချင်ရင်တောင်မှ မြို့မှာ နေလို့မရတော့တဲ့အခြေအနေဖြစ်သွားပြီ”လို့ မောင်တောမြို့ခံတဦးက ပြောပြပါတယ်။
စစ်ကောင်စီဟာ အဲဒီဆရာဝန်နှစ်ဦးအပြင် မောင်တောမြို့မှ စီးပွာရေးလုပ်ငန်းရှင်၊ ရှေ့နေစတဲ့ ဒေသခံအချို့ကိုလည်း AA နဲ့ ပူးပေါင်းနေတယ်ဆိုတဲ့စွပ်စွဲအကြောင်းပြချက်နဲ့ ဖမ်း၀ရမ်းထုတ်ထားပါတယ်။
မောင်တောမြို့နယ်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပေမယ့် မြို့ပေါ်မှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိသေးပါဘူး။ စစ်ကောင်စီတပ်ဟာ ရခိုင်ဒေသတကျော့ပြန် တိုက်ပွဲစကတည်းက မောင်တောမြို့ပေါ်မှာ စစ်အင်အားတိုးချကာ ခံစစ်အနေအထား ပြင်ဆင်တာတွေ ရှိနေခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။
အဲဒီလို မြို့တွင်း အဆောက်အဦးနဲ့ တပ်စခန်းတွေမှာ အင်အားတိုးချနေခဲ့တဲ့ စစ်ကောင်စီဟာ အခုမတ်လဆန်းမှာ ဆေးရုံကိုပါ ပိတ်ခိုင်းပြီး စစ်စခန်းချနေရာယူဖို့ ထပ်မံပြင်ဆင်လာခဲ့တယ်လို့ မောင်တောမြို့ခံ တွေက ပြောကြပါတယ်။
မြို့နယ် ၁၇ ခုရှိတဲ့ ရခိုင်ပြည်နယ်မှ မြို့နယ်ရှစ်ခုကို AA က သိမ်းပိုက်ထားပြီး အဲဒီမြို့တွေမှာရှိတဲ့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းစတဲ့အရပ်ဖက်တွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက် လုပ်နေတာကြောင့် ဒေသခံပြည်သူတွေမှာ ကျန်းမာရေးဝန်ဆောင်မှု မရသလောက်ဖြစ်နေတယ်လို့ ဆိုကြပါတယ်။
“စစ်ကောင်စီက ဆေးရုံတွေ၊ လူစုတဲ့နေရာတွေကိုဆို အများကြီး ပိုပစ်တယ်၊ အဲလိုဆိုတော့ မကျန်းမမာရေးတခုခုဖြစ်ရင် မလွယ်ဘူး၊ အခုလည်း အဲလိုတွေ ကြုံနေကြရပြီ”လို့ မင်းပြားမြို့နယ်မှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
AA သိမ်းပိုက်ထားတဲ့မြို့နယ်တွေအပြင် စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေသေးတဲ့ မြို့တွေမှာလည်း ကျန်းမာရေးဝန်ထမ်း သူနာပြုနဲ့ ဆရာဝနျအခြို့ ဘေးလွှတ်ရာတိမ်းရှောင်နေကြရတာ၊ ဆေးဝါးပစ္စည်းအလုံအလောက်မရှိတာတို့နဲ့ ကြုံနေရတယ်လို့လည်း ပြောကြပါတယ်။
“စစ်တွေဆေးရုံမှာ သူနာပြုတွေ သိပ်မရှိတော့ဘူး၊ ဆေးတွေလည်း တချို့ဆေးတွေ ရှာဝယ်မရတော့ဘူး”လို့ စစ်တွေမြို့မှ ဝန်ထမ်းအမျိုးသမီးတဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ရခိုင်ဒေသတကျော့ပြန်တိုက်ပွဲစပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းက ပညာရေးမှူးအပါအ၀င် ပညာရေး၀န်ထမ်းအချို့ကိုလည်း ဖမ်းဆီးတာ ရှိခဲ့ပါတယ်။
ဓာတ်ပုံ – Google