စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက် အုပ်ချုပ်ရေးဝန်ထမ်း လေးဆယ်ဝန်းကျင်အပါအဝင် လူတရာဝန်းကျင် လုပ်ကြံခံရပြီး သေဆုံး

မတ်၊ ၂၆
 
အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်တလခွဲအတွင်း အုပ်ချုပ်ရေးဝန်ထမ်း လေးဆယ်ဝန်းကျင်အပါအဝင် လူတရာဝန်းကျင် လုပ်ကြံခံရပြီး သေဆုံးခဲ့တယ်လို့ DNA ကကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်း ကြေညာခဲ့တဲ့နောက် မနေ့ကအထိ တလခွဲအတွင်း တနေ့ကို ပျမ်းမျှ လူနှစ်ဦးနှုန်းလောက် လုပ်ကြံခံရပြီး သေဆုံးနေတဲ့သဘော ဖြစ်ပါတယ်။
 
စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေကို DNA က စုစည်းပြီး အချက်အလက်ကောက်ယူခဲ့တာပါ။
 
နိုင်ငံတဝန်း အတည်ပြုနိုင်တဲ့ လုပ်ကြံသတ်ဖြတ်မှုတွေအတွင်း အုပ်ချုပ်ရေးဝန်ထမ်း ၃၅ ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ကာ ခုနစ်ဦးကတော့ အရှင်ဖမ်းဆီးခံထားရပါတယ်။
 
စစ်ကောင်စီဘက်ကပါ အတည်ပြုထားတဲ့ သတင်းတွေအရ သေဆုံးဒဏ်ရာရသူနဲ့ ဖမ်းဆီးခံရတဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေထဲ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနဲ့ မြို့နယ်ထွေအုပ်စာရေး စသူတွေ ပါဝင်ပါတယ်။
 
ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ ဖမ်းဆီးခံရသူ ငါးဦးထဲမှာတော့ စည်ပင်၊ မွေး/ကု၊ အားကာမှူး၊ လဝက စတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။
 
အုပ်ချုပ်ရေးဝန်ထမ်းမဟုတ်ဘဲ ပျူစောထီးအဖွဲ့ဝင်၊ ခေါင်းဆောင်၊ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ သတင်းပေး ဒလန်အဖြစ် သတ်မှတ်ကာ လုပ်ကြံခံရလို့ သေဆုံးသူ ၅၅ ဦးနဲ့ ဒဏ်ရာရသူ သုံးဦးရှိပါတယ်။
 
အဲဒီသေဆုံးသူတွေကိုတော့ စစ်ကောင်စီဘက်က အရပ်သားလို့သာ ဖော်ပြလေ့ရှိပြီး တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ပျူစောထီး၊ သတင်းပေးအဖြစ် သုံးနှုံးဖော်ပြလေ့ရှိပါတယ်။ သူတို့တွေအားလုံး ပျူစောထီး ဒါမှမဟုတ် စစ်ကောင်စီသတင်းပေးအဖြစ် လုပ်ကိုင်နေသူတွေ ဟုတ်မဟုတ်ဆိုတာကိုတော့ DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါ ဘူး။
 
စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက် တလခွဲအတွင်း အုပ်ချုပ်ရေးဝန်ထမ်းတွေ လုပ်ကြံသတ်ဖြတ်ခံရမှုဟာ မကွေးတိုင်းမှာ ၁၄ ဦးနဲ့ အများဆုံးဖြစ်ပြီး ပဲခူးတိုင်းမှာ ရှစ်ဦးသေ တဦးဒဏ်ရာရ၊ မန္တလေးတိုင်းမှာ ခုနစ်ဦးသေ လေးဦးဒဏ်ရာရခဲ့ပါတယ်။
 
ပျူစောထီး ဒါမှမဟုတ် စစ်ကောင်စီသတင်းပေး ဒါမှမဟုတ် အရပ်သားအဖြစ် DNA က သီးခြားအတည်ပြုနိုင်သူတွေ လုပ်ကြံသတ်ဖြတ်ခံရမှုမှာတော့ ပဲခူးတိုင်းက နှစ်ဆယ်ဦးသေ၊ တဦးဒဏ်ရာရကာ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှာ ၁၃ ဦးသေဆုံးကာ ဒဏ်ရာရသူ နှစ်ဦးရှိပါတယ်။
 
မကွေးတိုင်းမှာတော့ ရှစ်ဦးသေဆုံးကာ တတိယအများဆုံး ဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေ အသက်မဝင်ခင် ဖေဖော်ဝါရီလဆန်းကနေ အဲဒီလ ၉ ရက်အထိ မှတ်တမ်းတွေအရတော့ မကွေး၊ မန္တလေးနဲ့ ပဲခူးတိုင်းတို့မှာ အုပ်ချုပ်ရေးဝန်ထမ်း ၁၁ ဦး၊ စစ်ကောင်စီနဲ့ ပတ်သက်သူတွေအဖြစ် သတ်မှတ်ခံရသူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။
 
အထက်ပါအချက်အလက်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်ကနေ အခုလ မတ်လ ၂၅ ရက်အထိ DNA က လက်လှမ်းမီ သမျှ ကောက်ယူစုဆောင်း အတည်ပြုထားတဲ့ စာရင်းတွေသာဖြစ်ပြီး မြေပြင်မှာ အခုကိန်းဂဏန်းတွေနဲ့ ကွဲလွဲချက်တချို့လည်း ရှိနိုင်ပါသေးတယ်။
 
အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ လုပ်ကြံသတ်ဖြတ်ခံရတာ၊ ဖမ်းဆီးခံရတာတွေ ရှိခဲ့ပြီး စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်ခဲ့တဲ့နောက် ပူးပေါင်းပါဝင်သူတွေကို အရေးယူမယ်လို့ တော်လှန်ရေးအင်အားစုအသီးသီးက ထုတ်ပြန်ခဲ့ကြပါတယ်။
 
ရေးမြို့နယ်မှာ အခြေစိုက်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ရေးဘီလူး အဖွဲ့ခေါင်းဆောင်ကတော့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်အဖြစ် အတင်းအဓမ္မ စည်းရုံတဲ့သူမှန်သမျှကို ပြတ်ပြတ်သားသား ထိရောက်စွာ အရေးယူမှာဖြစ်တယ်လို့ DNA ကိုပြောပါတယ်။
 
“ဒီချိန်မှာ နိုင့်ထက်စီးနင်းတာမျိုး မလိုချင်ဘူး၊ လက်မခံဘူး၊ အာဏာရှင်စနစ်ကို မကြိုက်လို့ ကိုယ်တိုင်က တောခိုခဲ့တာ၊ အတင်းအဓမ္မ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်အဖြစ် စည်းရုံးပြုမူလာခဲ့ရင်တော့ ထိရောက်စွာ ဆောင်ရွက်သွားမှာပဲ” လို့ သူက ပြောပါတယ်။
 
အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းက ခုခံတော်လှန်မှုနဲ့အတူ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဒေသအနှံ့တော်လှန်ရေးအင်အားစုတွေရဲ့ထိုးစစ်တွေကြောင့် စစ်အင်အားသိသိသာသာ ကျဆင်းသွားတဲ့နောက် အရွယ်ရောက်ပြီးသူတွေ မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို အသက်သွင်းခဲ့ပါတယ်။
 
အဲဒီဥပဒေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့လည်း စစ်ကောင်စီက နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ မရှိသေးခင်မှာပဲ မြန်မြန်ဆန်ဆန် တွန်းအားပေး လုပ်ဆောင်ခဲ့ပြီး စစ်မှုထမ်းဖို့ စာရင်းကောက်ယူရေးကိစ္စတွေကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက အဓိက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
 
စစ်ကောင်စီမှာ အစားထိုးနိုင်တဲ့ ယန္တရားတွေ အများကြီးရှိနေသေးတဲ့အတွက် အောက်ခြေရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို ပစ်ခတ်ရှင်းလင်းလိုက်ရုံနဲ့ စစ်မှုထမ်းဥပဒေက ရပ်တန့် သွားမှာမဟုတ်ဘူးလို့ လေ့လာသူတချို့က သုံးသပ်ကြပါတယ်။
 
တဖက်မှာလည်း စစ်ကောင်စီကို အမြစ်ဖြုတ်တိုက်ခိုက်နိုင်မှသာ စစ်မှုထမ်းဥပဒေက ရပ်တန့်သွားတာ မှန်ပေမယ့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ မလုပ်ရဲအောင် ဟန့်တားပေးနိုင်ဖို့လည်း လိုအပ်တယ်လို့ ဝါရင့်နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
 
“ထိုင်ကြည့်နေလို့လည်း မရဘူးလေ” လို့ သူက ပြောပါတယ်။
 
လက်ရှိ စစ်ကောင်စီရဲ့ ဖိအားပေးမှုတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ သတိပေးမှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုနဲ့ ဖမ်းဆီးမှုတွေကြောင့် တိုင်းနဲ့ပြည်နယ်တချို့က ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ နှုတ်ထွက်စာတင်လာကြတာတွေ ရှိနေပြီး အဲဒီထဲက အများစုကို စစ်ကောင်စီက အကြောင်းပြချက်မပေးဘဲ နှုတ်ထွက်ခွင့်မပေးသေးဘူးလို့ နှုတ်ထွက်စာတင်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့က DNA ကို ပြောထားပါတယ်။
 
“ပြည်သူ့စစ် လူစာရင်းကောက်တော့ ရွာသားတွေက အမြင်မကြည်ကြဘူးလေ၊ အဲဒါကြောင့် ထွက်ကြတာ” လို့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
 
သံတွဲမြို့နယ်မှာ ကျေးရွာအုပ်စု ၅၉ ခုရှိပြီး စစ်မှုထမ်းဂယက်ကြောင့် အဲဒီကျေးရွာအုပ်စုအားလုံးက အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်စာ တင်ထားကြပါတယ်။
 
“အတင်းဖိအားပေးခံရနေတဲ့ အတိုင်းပဲ၊ လူငယ်တွေကလည်း ထွက်ပြေးကုန်ကြပြီ၊ ကျွန်တော်တို့လည်း လူငယ်တွေလို လမ်းပျောက်နေတာ” လို့ ပေါင်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးကလည်း ပြောပါတယ်။
 
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကတော့ စစ်မှုထမ်းဖို့ ပြည်သူတွေကို အဓမ္မဖမ်းဆီးတာ သင်တန်းပေးဖို့ ဆင့်ခေါ်တဲ့လုပ်ငန်းမှာ မပါဝင်ကြဖို့နဲ့ ပူးပေါင်းပါဝင်သူတွေကိုလည်း အပြစ်ပေးအရေးယူသွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
 
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ အင်အားစုတွေကလည်း စစ်မှုထမ်းဖို့ အတင်းအဓမ္မ ဖိအားပေးနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ ဆိုထားပါတယ်။
 
ဒါပေမယ့် စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်နေမှုကို ကာကွယ်ဖို့အတွက် အုပ်ချုပ်ရေးမှူးတွေကို အခုလို လုပ်ကြံသတ်ဖြတ်နေတာမျိုးထက် နည်းလမ်းတကျ အရေးယူတာသင့်တယ်လို့ ရှုမြင်ယူဆသူတွေလည်း ရှိနေပါတယ်။
 
“လက်လွတ်စပယ် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဖြစ်တာနဲ့ပဲ ပစ်သတ်ခံရတာဆိုတဲ့ဟာက မဖြစ်သင့်ဘူး၊ တရားနည်းလမ်းကျကျ အရေးယူတာမျိုးပဲ လုပ်စေချင်တယ်” လို့ ထားဝယ်ခရိုင်သပိတ်ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးက သူ့အမြင်ကို ပြောပါတယ်။
 
ဓာတ်ပုံ – DNA