မတ်၊ ၁၈
ထိုင်းလွှတ်တော်ရဲ့ နိုင်ငံခြားရေး ကော်မတီဟာ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းပေးနိုင်ဖို့ အကြံပြု အဆိုပြုချက် ၄ ခုကို တင်သွင်း ဆွေးနွေးခဲ့ပါတယ်။
အာဏာရ ဖျူထိုင်းပါတီ (PTP)ရဲ့ ရွေးကောက်ခံ အမတ်တဦးဖြစ်တဲ့ အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ဥက္ကဋ္ဌ နော့ပါဒွန် ပက်တာမန်က အခုတင်သွင်းတဲ့ အဆိုပြုချက် ၄ ရပ်ဟာ မြန်မာ့အရေး ကူညီဖြေရှင်းနိုင်ဖို့ အာဆီယံက ရည်ရွယ် သတ်မှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ လိုက်လျော ကိုက်ညီမှုလည်း ရှိတယ်လို့ ပြောပါတယ်။
အဲဒီ အကြံပြုချက် ၄ ခုဟာ ထိုင်းအစိုးရ အနေနဲ့ အိမ်နီးချင်း မြန်မာရဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းရာမှာ ထည့်သွင်းစဉ်းစားနိုင်ရေး အထောက်အကူ ပေးနိုင်ဖို့ ရည်ရွယ်ထားတာလို့လည်း သူက ဆက်ပြောပါတယ်။
သူ့ရဲ့ ကော်မတီဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး ပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး အားထုတ်မှု မှန်သမျှကို ထောက်ခံ အားပေးမှာ ဖြစ်တယ်လို့လည်း မှတ်ချက် ပေးခဲ့ပါတယ်။
ထိုင်းအောက်လွှတ်တော်မှာ တင်သွင်းတဲ့ အကြံပြုချက် လေးခုထဲက ပထမဆုံး အချက်ကတော့ ထိုင်းအစိုးရ အနေနဲ့ လုံခြုံရေးနဲ့ နိုင်ငံခြားရေးဆိုင်ရာ အရာရှိတွေ ပါဝင်တဲ့ မူဝါဒရေးရာ အဖွဲ့တခုကို ထူထောင်ပြီး မြန်မာ့အရေးကို ထဲထဲဝင်ဝင် စောင့်ကြည့်ဖို့၊ လိုအပ်လာတာနဲ့ စုစည်းမှု အားကောင်းတဲ့ တုံ့ပြန်မှုတွေ အချိန်နဲ့ တပြေးညီ လုပ်ဆောင်ဖို့ ဖြစ်ကြောင်း နော့ပါဒွန်က ပြောပြပါတယ်။
ဒုတိယ အချက်ကတော့ တကယ်လို့ မြန်မာဖက်မှာ တိုက်ပွဲတွေ အရှိန်မြင့်လာမယ်ဆိုရင် နယ်စပ်ကို စစ်ရှောင်ဒုက္ခသည်တွေ အုံနဲ့ကျင်းနဲ့ ရောက်ရှိလာနိုင်တဲ့ အရေးပေါ် အခြေအနေတွေအတွက် အစိုးရက ကြိုတင် ပြင်ဆင်ထားဖို့ ဖြစ်ပါတယ်။ စစ်တပ်က စစ်မှု မထမ်းမနေရ ဥပဒေကို အသက်သွင်းလိုက်တဲ့အတွက် ဧပြီလနောက်ပိုင်း တိုက်ပွဲတွေ အရှိန်ပိုမြင့်လာနိုင်တယ်လို့လည်း နော့ပါဒွန်က သုံးသပ်ထားပါသေးတယ်။
တတိယ အကြံပြုချက်က လူသားချင်း စာနာမှု လုပ်ငန်းတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်ဖို့ပါ။ လောလောဆယ်မှာ ထိုင်းဟာ နယ်စပ်ရွာ ၃ ခုမှာ မြန်မာဖက်က စစ်ရှောင်ပြည်သူ ၁၀၀၀၀ လောက်ကိုပဲ ကန့်သတ် လက်ခံနေတဲ့ အခြေအနေကနေ ပိုမို တိုးချဲ့ဖို့၊ အာဆီယံနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ ဖြစ်ပါတယ်။
နောက်ဆုံးအချက် အနေနဲ့ ထိုင်းအစိုးရဟာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ၊ တရုတ်၊ အိန္ဒိယတို့နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အဓွန့်ရှည်အောင် ကြိုးစားကူညီပေးရေး ဖြစ်ပါတယ်။ အဲဒီ အစီအမံတွေဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်မှာ ပါရှိတဲ့ စစ်ပွဲတွေ ရပ်တန့်ရေး၊ အစုအဖွဲ့ပေါင်းစုံကြား ဆွေးနွေးမှုတွေ စတင်ရေးနဲ့ လူသားချင်း စာနာမှု လုပ်ငန်းတွေ အရှိန်အဟုန် မြှင့်တင်နိုင်ရေး စတာတွေနဲ့ ကိုက်ညီနေတယ်လို့လည်း နော့ပါဒွန်က ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အကြံအစည်တွေ ခေါင်းပါး ပြတ်လပ်နေတာ မဟုတ်ကြောင်း၊ ဒါပေမဲ့ လက်တွေ့ အားထုတ်မှုတွေကိုတော့ အရှိန်မြှင့်ဖို့ လိုကြောင်း၊ မြန်မာ့ နိုင်ငံရေး အခြေအနေတွေက အရမ်း ရှုပ်ထွေးနေပေမယ့် အာဆီယံနဲ့ ထိုင်းတို့ ပူးပေါင်း ဆောင်ရွက်မှုဟာ မြန်မာနိုင်ငံကို ငြိမ်းချမ်းရေး လမ်းကြောင်းဆီ တွန်းတင်ဖို့ အခွင့်အရေးတွေ ရှိနေကြောင်း၊ အဲဒီ အားထုတ်မှုတွေ အောင်မြင်ခဲ့မယ်ဆိုရင် ထိုင်းအပေါ် နိုင်ငံတကာ လေးစား အသိအမှတ် ပြုမှုလည်း ပိုမိုမြင့်တက်လာမှာဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဟောင်း တဦးဖြစ်တဲ့ နော့ပါဒွန်က ပြောကြားသွားပါတယ်။
Ref: Bangkok Post