နိုဝင်ဘာ ၁၀
တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ငါးသောင်းနီးပါးအထိ ရှိလာပြီဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းပေါင်းစပ်ရေးရုံး (UNOCHA)နဲ့ ဒေသတွင်း ကူညီရေးအဖွဲ့တွေက ဆိုပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNDAA)၊ တအာင်း (TNLA)၊ နဲ့ ရခိုင် (AA)တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်ကစတင်ပြီး ရှမ်းမြောက်ပိုင်းက စစ်ကောင်စီတပ်စခန်း၊ စစ်ဆေးရေးဂိတ်နဲ့ ရဲစခန်းတွေကို တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ အများအပြား ရှိလာတာပါ။
စစ်ရှောင်တွေဟာ လားရှိုးမှာ ရှစ်ထောင်ကျော်၊ သိန္နီမှာ ရှစ်ထောင်ကျော်၊ လောက်ကိုင်မှာ ၁၂, ၀၀၀ ကျော်နဲ့ ဝပြည်မှာ တသောင်းဝန်းကျင်ရှိနေပြီး နမ္မတူ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နောင်ချို၊ မူဆယ်တို့မှာလည်း အများအပြားရှိနေတယ်လို့ မြေပြင်ကူညီနေသူတွေရဲ့စာရင်းမှာ ဖော်ပြပါတယ်။
အဲဒီစစ်ရှောင်တွေဟာ စားနပ်ရိက္ခာ အခက်အခဲကို အဓိကကြုံနေကြရပြီး စောင်၊ ခြင်ထောင်နဲ့ အနွေးထည် လုံးဝမရှိသေးသူတွေလည်း အများအပြားရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောကြပါတယ်။
” စားရေးသောက်ရေးတော့ အကြပ်အတည်းပေါ့။ အနွေးထည်က တချို့လည်း ရှိတယ်။ တချို့ကျတော့လည်း မရှိဘူး အဲလိုဖြစ်နေတယ်။ အဓိကက အစားအသောက်လိုအပ်ချက် ရှိတယ်။ သောက်သုံးရေလည်း နည်းနည်းခက်တယ် ” လို့ လူဦးရေသုံးထောင်နီးပါးရှိတဲ့ မန်ဆူ ရှမ်းကျောင်း စစ်ရှောင်စခန်းမှ ဆရာတော်က မိန့်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးပြုကာ သွားလာခွင့်မပြုတာ၊ လက်နက်ကြီး ပစ်ခတ်နေတာတို့ကြောင့် စစ်ရှောင်စခန်းတွေနဲ့ ရွာတွေမှာ ပိတ်မိနေကြသူတွေလည်း ရှိနေသေးတယ်လို့ ကူညီနေသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
” ကိုယ့်နေအိမ်တွေထဲမှာ ကိုယ်နေတယ်။ စစ်ရှောင်စခန်းတွေထဲမှာ နေတယ်။ အဲဒီကနေ ထွက်လာတာကို မြင်တာနဲ့ စစ်ကောင်စီဘက်ကနေ ပစ်တာမျိုးတွေပါ။ အဲလိုမျိုးကျ ထွက်လာလို့ မရဘူးပေါ့ ” လို့ စစ်ရှောင်ကူညီပေးနေသူတဦးက သိန္နီမြို့နယ်အတွင်းမှ အခြေအနေကို ပြောပြပါတယ်။
စစ်ဘေးရှောင်တွေဟာ ပုဂ္ဂလိကအလှူရှင်တွေရဲ့ အထောက်အပံ့ကိုသာ အားကိုးနေကြရတာဖြစ်ပြီး လက်ရှိမှာ ဆန်ပါအဝင် အခြေခံစားသောက်ကုန်တွေလည်း စျေးတက်နေတာမို့ ပိုပြီး အခက်အခဲရှိတယ်လို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။
စစ်ရှောင်အများစုရှိနေတဲ့ သိန္နီ၊ ကွတ်ခိုင်၊ မုံးကိုး၊ မူဆယ် မြို့နယ်တို့မှာဆိုရင် အရင်ကတသိန်းကျော်သာ ပေးခဲ့ရတဲ့ ဆန်တအိတ်ကို နှစ်သိန်းခွဲလောက်ထိ ပေးနေကြရတဲ့အပြင် လိုသလောက်ဝယ်ယူလို့လည်း မရဖြစ်နေတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။
” လမ်းကြောပိတ်နေတဲ့ အခါကျတော့ မြို့တွင်းရှိတဲ့ စားနပ်ရိက္ခာတွေနဲ့ မျှပြီးတော့ ရောင်းနေကြတဲ့ အနေအထားမျိုး၊ ပြီးတော့ တချို့သော ဆန်စပါးတွေကလည်း လက်နက်ကြီးကြောင့် ပျက်စီးတာတွေဖြစ်တော့လေ ရှေ့ဆက်က ပိုပြီးတော့ ခက်ခဲမယ့် အနေအထားမျိုးမှာ ရှိနေတယ် ” လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) တာဝန်ရှိသူတဦးက ပြောပါတယ်။
နယ်ကျေးရွာတွေမှာရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ လမ်းကြောတလျောက် လုံခြုံရေးအခြေအနေတွေကြောင့် မြို့ပေါ်တက် ရိက္ခာသွားဝယ်ဖို့တောင် အခက်အခဲရှိနေကြတယ်လို့ သူက ဆက်ပြောပါတယ်။
UNOCHA ကတော့ အဲဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို တုန့်ပြန်ဆောင်ရွက်ဖို့အတွက် အမေရိကန်ဒေါ်လာ တသန်း အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
ပဋိပက္ခသင့် ပြည်သူတွေကို ဝင်ရောက်ကူညီနိုင်ဖို့အတွက် သက်ဆိုင်ရာ အစုအဖွဲ့အားလုံးက တိုက်ပွဲတွေ ရပ်တန့်ကာ အတားအဆီးမဲ့ ဝင်ရောက်ကူညီခွင့်ပြုဖို့ အရေးကြီးတယ်လို့လည်း UNOCHA က ဆိုထားပါတယ်။
စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ မြို့ပေါ် ဘာသာရေးကျောင်းတွေအပါအဝင် နယ်ကျေးရွာတွေမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြတာဖြစ်ပြီး ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေလည်း အများအပြားပါဝင်ကာ နာမကျန်းဖြစ်နေသူတွေလည်း ရှိနေကြတယ်လို့ ကူညီပေးသူတွေက ပြောကြပါတယ်။
ယခုအခါ စစ်ကောင်စီလက်အောက်ခံ စခန်းပေါင်း ၁၅၀ ဝန်းကျင်လောက်အထိ သိမ်းပိုက်ရရှိထားပြီဖြစ်ကာ ချင်းရွှေဟော်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ဖောင်းဆိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ သိန္နီမြို့တို့ကိုလည်း သိမ်းပိုက်၊ ထိန်းချုပ်ထားပါတယ်။
လတ်တလောအချိန်အထိ ရှမ်းမြောက်မှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေ တိုက်ပွဲတွေ အရှိန်မကျသေးတဲ့အတွက် စစ်ရှောင်တွေ ပိုတိုးလာနိုင်တယ်လို့ လည်း စစ်ရှောင်အရေး ကူညီသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
ဓာတ်ပုံ – Social Media