စစ်တပ်မှာ နိုင်ခြေမရှိတော့မှန်း နိုင်ငံတကာ အသိုက်အဝန်း သဘောပေါက်ရတော့မယ့် အချိန်

အောက်တိုဘာ ၊ ၂၈

နှစ်နှစ်ခွဲကျော်လောက် ကြာလာတဲ့ထိ မြန်မာ စစ်တပ်က နိုင်ငံအနှံ့မှာ သူတို့ရဲ့ အာဏာကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အသည်းအသန် ကြိုးစားရင်း ကြမ်းကြုတ် ရက်စက်မှုတွေ ကျူးလွန်နေချိန်မှာ ကမ္ဘာကြီးကတော့ အခြေအနေ အတော်များများထိ ဖာသိဖာသာ ရှိနေဆဲပါပဲ။

ဒီမိုကရေစီ အစိုးရ တရပ်ကို လက်နက်အားကိုးနဲ့ မိုက်ကြေးခွဲ ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့နောက် မြန်မာစစ်တပ်ဟာ လူပေါင်း ၄၅၀၀ ကျော်ကို သတ်ဖြတ်ခဲ့သလို ၂၅၀၀၀ ဝန်းကျင်လောက်ကို ထောင်သွင်း အကျဉ်းချခဲ့တယ်။ ကျောင်းတွေ၊ ဆေးရုံတွေ၊ ဝတ်ပြုဆုတောင်းရာ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်သား ပစ်မှတ်တွေအပေါ် လေကြောင်းကနေ တိုက်ခိုက်မှုတွေလည်း အရှိန်မြှင့်တင်ခဲ့ပြန်တယ်။ လောလောလတ်လတ် ဗုံးကြဲမှု တခုမှာဆိုရင် စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ စခန်းတခုကို ညပိုင်းအချိန်မှာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် အိပ်စက်နေတဲ့ အမျိုးသမီးနဲ့ ကလေးတွေ အများစု အပါအဝင် ၃၉ ဦး သေဆုံးခဲ့ပါတယ်။

 ယူကရိန်းမှာ စစ်ပွဲစတင်လာတော့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အာရုံ အများစုဟာ အဲဒီဖက်ကို ထွေပြားသွားပါတယ်။ ဒါဟာ နိုင်ငံ အများအပြားက မြန်မာ့အရေးအပေါ် အာရုံစိုက်သင့်သလောက် မစိုက်နိုင်ကြတဲ့ အဓိက အကြောင်းတရား တခုလည်း ဖြစ်ပါတယ်။ နောက်တခုကတော့ အချိန်တန်ရင် မြန်မာစစ်တပ်ပဲ နိုင်သွားဦးမယ်ဆိုတဲ့ အတွေးမျိုးက အဲဒီနိုင်ငံတွေရဲ့ မသိစိတ်မှာ စွဲထင်နေတာကြောင့်ပါ။ သမိုင်းကြောင်း ပြန်လှန်ကြည့်မယ် ဆိုရင်လည်း ၁၉၆၂ ခုနှစ်ကစလို့ စစ်တပ်ဟာ နိုင်ငံကို သံမဏိ စည်းမျဉ်းတွေနဲ့ အုပ်ချုပ်ခဲ့တယ်။ ခြွင်းချက် အနေနဲ့ ၂၀၁၅ ကနေ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလထိ ကာလတိုလေးလောက်ပဲ ဒီမိုကရေစီ ပြတင်းတံခါးတွေကို ခဏတာ ဖွင့်လှစ်ခွင့် ရခဲ့ဖူးတယ်။

 ဒါပေမဲ့ စစ်တပ်ပဲ နိုင်လိမ့်မယ်ဆိုတဲ့ အတွေးအမြင်မျိုးက ပြစ်ချက်တွေ၊ အနာအဆာတွေ ဗရပွနဲ့ ဖြစ်ပါတယ်။ လောလောဆယ် စစ်တပ်ဟာ နိုင်ငံအနှံ့မှာ စစ်မျက်နှာမျိုးစုံဖွင့်ပြီး တိုက်ခိုက်နေရတယ်။ စစ်တပ်ဟာ ပြည်သူလူထုက တခဲနက် ထောက်ခံပြီး တရားဝင် အသိအမှတ်ပြုမှုကို ရရှိထားတဲ့အပြင် အခုဆိုရင် လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ပိုမို ထောက်ပံ့နိုင်စွမ်း ရှိလာတဲ့ ရန်သူကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

 အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ဖွဲ့ခွဲပေါင်း ၃၀၀ လောက်ကို ကွန်ရက် ချိတ်ဆက်ထားသလို အင်အားတောင့်တင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေနဲ့လည်း မဟာမိတ် ပြုထားနိုင်တယ်။ ဒီအခြေအနေတွေက စစ်တပ်ကို ထိုးစစ်ဆင်ဖို့ထက် ခံစစ်ပြင်ဖို့ ပိုအလေးထားရတော့မယ့် အခြေအနေတွေဆီ တွန်းပို့နေပါတယ်။ အရေးကြီးတဲ့ အချက်တခုက NUGဟာ စစ်ခေါင်းဆောင်တွေရဲ့ စစ်ဆင်ရေး ဆောင်ရွက်နိုင်တဲ့ အရင်းအမြစ်တွေကို ပိုမို ပစ်မှတ်ထားလာသလို ထောက်ပံ့ပို့ဆောင်ရေး ရင်းမြစ်တွေနဲ့ လမ်းကြောင်းတွေမှာပါ ထဲထဲဝင်ဝင် ပြိုင်ဆိုင်လာနေခြင်းပါပဲ။

 ဒီနေရာမှာ သိထားသင့်တာက စစ်တပ်ကို ဖြိုချနေတာဟာ NUGရဲ့ ရေရှည် စစ်ဆင်နွှဲနိုင်မှု တခုတည်းကြောင့် မဟုတ်ဘဲ စစ်တပ် ကိုယ်တိုင်က အရည်အချင်း ရှိမရှိ ဆိုတာကလည်း အများကြီး စကားပြောပါတယ်။

 ပထမဆုံး အနေနဲ့ မြန်မာစစ်တပ်ဟာ လူတွေ အထင်တကြီး ခန့်မှန်းထားတာထက် ဖွဲ့စည်းပုံ အများကြီး ပိုသေးငယ်တယ် ဆိုတာနဲ့ အစပြုရအောင်။ မြန်မာ စစ်တပ်မှာ တိုက်ခိုက်ရေး ကဏ္ဍကို အဓိက တာဝန်ယူရလေ့ရှိတဲ့ ခြေမြန် တပ်မကြီး ၁၀ ခုရှိပြီး လူအင်အားအနေနဲ့ ၂ သိန်းကျော် စုဖွဲ့ထားသင့်ပါတယ်။ တပ်ရင်းတခုကို ပျမ်းမျှ အင်အား ၂၀၀ ဝန်းကျင်လောက် ရှိရမှာပါ။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက ပေါက်ကြားလာတဲ့ အမိန့်တခုအရ တပ်ရင်းတခုကို အင်အား ၁၈၅ ယောက်ထိ လျှော့ချ ဖွဲ့စည်းခွင့် ပြုထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ တပ်ရင်း အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ အင်အား ၁၅၀ အောက်မှာသာ ရှိပါတယ်။ မကြာသေးခင်က ပေါက်ကြားလာတဲ့ ကွင်းဆင်း အစီရင်ခံစာ တစောင်မှာဆိုရင် ခြေမြန်တပ်ရင်း တခုရဲ့ ဖွဲ့စည်းပုံမှာ အင်အား ၁၃၂ ယောက်သာ ရှိတယ်လို့ တွေ့ရပြီး အဲဒီထဲက ၇၀ ဟာ ရှေ့တန်းရောက်နေတယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ အရာရှိသစ်တွေ အဓိက မွေးထုတ်ပေးရာ အကယ်ဒမီကျောင်း ၃ ခုမှာလည်း ဝင်ခွင့် လျှောက်ထားသူ ဦးရေက ယိုင်နဲ့ ကျဆင်းလာနေပြီး သင်တန်းသား ခေါ်ယူမှု စံနှုန်းတွေကိုတောင် လျှော့ချပေးနေရတယ်။ နိုင်ငံအနှံ့မှာ ဗုံးကြဲ၊ မီးရှို့၊ ရွာလုံးကျွတ် ဖျက်ဆီးမှုတွေ ကျူးလွန်နေတဲ့ စစ်တပ်အတွက် လူသစ် စုဆောင်းနိုင်မှု ပျမ်းမျှ အရေအတွက်ကလည်း လျော့နည်းလာတယ်။

 ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာတော့ စစ်ဗိုလ်ချုပ်တွေက အစိုးရ ဝန်ထမ်းတွေကို ပြည်သူ့စစ် သဘောမျိုး အသုံးပြုဖို့ ပြင်ဆင်လာတယ်။ ၂၀၂၂ နှစ်ဆန်းပိုင်းလောက် ကတည်းက ရဲဝန်ထမ်း တချို့ဟာက ရှေ့တန်းမှာ တိုက်ခိုက်ရေး တာဝန်တွေ ထမ်းဆောင်ဖို့ စေလွှတ် ခံလာရတယ်။ အရာရှိငယ်တွေရဲ့ မိသားစုတွေကလည်း လိုအပ်လာရင် စခန်းကို ကာကွယ်ဖို့ အခြေခံ စစ်သင်တန်းတွေ တက်ကြရတယ်။

 ပြည်တွင်းစစ် စတင်ချိန် ကတည်းက စစ်တပ်ဟာ အင်အား ၃ သောင်းလောက် ပြုန်းတီးသွားခဲ့ပြီးပြီလို့ NUGက ဆိုပါတယ်။

 စစ်တပ်ရဲ့ အင်အား လျော့ပါး ယိုယွင်းလာမှုမှာ တော်လှန်ရေးဘက် အလင်းဝင်သူတွေနဲ့ တပ်ပြေးတွေရဲ့ အရေအတွက်ကလည်း သိသိသာသာ များပြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်နဲ့ စစ်သည်အင်အား ၁၃၀၀၀ ကျော်လောက်ဟာ တော်လှန်ရေး အင်အားစုတွေဆီ အလင်းဝင်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ အဲဒီလို ဘက်ပြောင်း ခိုလှုံမှုတွေဟာ နှေးကွေးနေဆဲ ဖြစ်သလို အရမ်းအဆင့်မြင့်တဲ့ အရာရှိတွေ ပါဝင်မှု အချိုးအစားကလည်း နည်းနေဆဲပါ။

 တချိန်တည်းမှာပဲ စစ်တပ်မှာ ရှေ့တန်းမထွက်ချင်လို့ အမိန့်မနာခံမှုနဲ့ ဖမ်းဆီး အရေးယူ ခံရတဲ့ အရာရှိ အရေအတွက်ကလည်း တိုးသထက် တိုးလာပြန်တယ်။

 ဒုတိယမြောက် စဉ်းစားရမယ့် ရှုထောင့်က မြန်မာစစ်တပ်ရဲ့ မဟာဗျူဟာက အလုပ်မဖြစ်ဘူး ဆိုတာပါပဲ။ အထူးသဖြင့် ခုခံတော်လှန်ရေး အင်အားစုတွေကို ဖြိုခွင်းတဲ့ စစ်တပ်ရဲ့ ဖြတ်လေးဖြတ် ဗျူဟာက ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ ပိုမို ဝေးကွာစေပါတယ်။ ဖြတ်လေးဖြတ်ရဲ့ သဘောတရားက တော်လှန်ရေး လှုပ်ရှားမှု အားကောင်းရာ နယ်မြေတွေမှာ စစ်တပ်က မီးကုန်ယမ်းကုန် ဖျက်ဆီးမှုတွေ ကျူးလွန်ပြီး ပြည်သူတွေ အညံ့ခံလာအောင်၊ တော်လှန်ရေး အင်အားစုတွေနဲ့ အဆက်ဖြတ်အောင် ဖိအားပေးတာ ဖြစ်ပါတယ်။ အဲဒီအခါ အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်တာ၊ လိင်အကြမ်းဖက်တာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ မီးရှို့ဖျက်ဆီးတာတွေ မှန်သမျှ အကုန်လုပ်ပါတယ်။ တနည်းအားဖြင့် စစ်ရာဇဝတ်မှုတွေက စစ်တပ်ရဲ့ မဟာဗျူဟာပါပဲ။

 ဒီနေ့ အချိန်အခါကို ကြည့်မယ်ဆိုရင် စစ်တပ်ဟာ အာဏာသိမ်းလိုက်တဲ့ နေ့တုန်းက သူတို့ ထိန်းသိမ်းထားခဲ့တဲ့ နိုင်ငံ အကျယ်အဝန်းထက် ထိန်းချုပ်နိုင်စွမ်း အများကြီး လျော့နည်းသွားတာကို တွေ့ရပါလိမ့်မယ်။ မြို့နယ်ပေါင်း ၃၃၀ ထဲက ၅၀ ဟာ စစ်အုပ်ချုပ်ရေး ကြေညာထားရပါတယ်။ မြို့နယ်အားလုံးရဲ့ ၁၂ ရာခိုင်နှုန်းလောက်မှာ NUGက အခွန်ကောက်ခံနေပါပြီ။

 စစ်တပ်ဟာ သူတို့ရဲ့ အလုပ်မဖြစ်တဲ့ ဗျူဟာကို ပြန်ဆန်းစစ်မယ့်အစား နှစ်ဆတိုးပြီး အားထုတ်နေပါတယ်။ တနည်းအားဖြင့် ပြည်သူလူထုကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေကို အရှိန်ပိုမြှင့်လာခဲ့ပါတယ်။

 တတိယ ကိစ္စကတော့ စစ်တပ်ဟာ လက်ရှိ စီးပွားရေး ညွှန်ကိန်းတွေအရဆိုရင် သူတို့ ရည်မှန်းထားတဲ့ ပန်းတိုင်အပေါ် အခြေတည် စဉ်းစားတဲ့အခါ ရင်းမြစ် အတော်လေး မလုံလောက်တော့ဘူး ဆိုတာပဲ ဖြစ်ပါတယ်။ သူတို့ အုပ်စိုးလိုက်တဲ့ ကာလအတွင်း မြန်မာနိုင်ငံရဲ့ GDP ကိန်းဂဏန်းတွေဟာ ၁၂ ရာခိုင်နှုန်းလောက် ကျုံ့သွားတယ်။ မြန်မာကျပ်ငွေ တန်ဖိုးဟာ ၂၅၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်။ ငွေကြေးဖောင်းပွမှုက ၁၄ ကနေ ၂၀ ရာခိုင်နှုန်းကြား မြင့်တက်လာတယ်။ အခုဆိုရင် ပြည်တွင်းမှာ စားသုံးဆီ ရှားပါးပြတ်လပ်နေပြီ။ နိုင်ငံ စီးပွားရေးကို ကောင်းကောင်းမွန်မွန် ဘယ်လို ကိုင်တွယ် မောင်းနှင်ရမယ်ဆိုတာ သိတဲ့သူတိုင်းက ထောင်ထဲ ရောက်ရင်ရောက်၊ မဟုတ်ရင် ပြည်ပမှာ တိမ်းရှောင်နေကြရပါတယ်။

 စီးပွားရေး ကဏ္ဍမှာ ငွေကြေးအရ ကန့်သတ် ထိန်းချုပ်ခံရမှုက နေရာတိုင်းလိုလိုကို ထိခိုက်နေပါတယ်။ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ရင်းမြစ်တွေ ငှားရမ်းခွင့် ပေးတာကလွဲရင် အစိုးရ ဝင်ငွေ စာရင်းဟာ နေရာတိုင်းမှာ အနုတ်လက္ခဏာ ပြနေတယ်ဆိုတာ စစ်အာဏာပိုင်တွေ ထုတ်ပြန်တဲ့ စာရင်းတွေအရ အလွယ်တကူ တွေ့နိုင်ပါတယ်။ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေက ထုတ်လုပ်တဲ့ ထုတ်ကုန်တွေကို ပြည်သူလူထုက သပိတ်မှောက် ရှောင်ရှားကြတာတွေကလည်း ဝင်ငွေ ကဏ္ဍကို အထိနာစေပြန်တယ်။ ဥပမာ အနေနဲ့ စစ်တပ် ထုတ်ကုန်အဖြစ် နာမည်ကြီးတဲ့ မြန်မာဘီယာဟာ ၇၀ ရာခိုင်နှုန်းလောက် ရောင်းအားကျသွားတယ်။ အခုဆိုရင် စစ်တပ်ဟာ စတိုးဆိုင်တွေကို သေနတ်ပြပြီး မြန်မာဘီယာ ရောင်းခိုင်းရတဲ့ အဆင့်ထိ ရောက်နေပါပြီ။ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့်လည်း စစ်ဗိုလ်ချုပ်တွေဟာ ဒေါ်လာငွေ အလဲအလှယ် လုပ်နိုင်စွမ်းမှာ အကြီးအကျယ် ကန့်သတ်ခံနေရသလို စင်ကာပူ အပါအဝင် ပင်လယ်ရပ်ခြား ဘဏ်တွေမှာ အပ်နှံပိုင်ခွင့်တွေကလည်း တဖြည်းဖြည်း ဆုံးရှုံးလာနေပြန်ပါတယ်။

 ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်ပြီး ဝင်ရောက်လာနေသေးတယ် ဆိုပေမယ့်လည်း သိသိသာသာ အရှိန်နှေးသွားသလို တရုတ်နဲ့ ထိုင်းကနေပဲ ရောက်လာတော့တာ များပါတယ်။ တဖက်မှာတော့ အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက် ဆုတ်ခွာနေကြပါတယ်။

 ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ အာဏာသိမ်း စစ်တပ်ဟာ ကိုယ်ပိုင် အသုံးစရိတ်ကို ၅၀ ရာခိုင်နှုန်း တိုးစေပြီး ဒေါ်လာ ၂.၇ ဘီလီယံထိ မြှင့်တင် သတ်မှတ်ခဲ့ပါတယ်။ ပညာရေး၊ ပြည်သူ့ကျန်းမာရေးနဲ့ တခြားသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေထက် အဆမတန် များပြားတဲ့ ပမာဏမျိုးနဲ့ ကာကွယ်ရေး အသုံးစရိတ်ကို မလျော်မကန် သတ်မှတ်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။

 အတိုချုပ် ပြောရမယ်ဆိုရင် စစ်တပ်ဟာ စစ်မျက်နှာ အများကြီးကို တပြိုင်တည်းဖွင့် တိုက်ခိုက်နေရပါတယ်။ အဲဒီလို စစ်ခင်းဖို့အတွက် ရှည်လျားပြီး လုံခြုံမှု အားနည်းတဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေကို သုံးနေရသလို NUGရဲ့ တရားဝင်မှုနဲ့ ပြည်သူလူထုက ခုခံစစ်ပွဲအပေါ် ပိုမိုအားသန်လာစေမယ့် မှားယွင်းတဲ့ မဟာဗျူဟာကိုပဲ ထပ်တလဲလဲ သုံးစွဲနေတယ်။ တချိန်တည်းမှာပဲ အရင်းအမြစ်တွေကလည်း ဆက်တိုက် လျော့ပါးလာနေပါတယ်။

 စစ်တပ်ဟာ စစ်ပွဲကို နိုင်စရာ အခြေအနေ မရှိတော့သလို အာဏာကိုလည်း ဆုပ်ကိုင်ထားဖို့ ရေရှည်မှာ မလွယ်တော့ပါဘူး။

 ဒီအခြေအနေမှာ နိုင်ငံတကာနဲ့ စီးပွားရေးဆိုင်ရာ အသိုက်အဝန်းကြီးတွေဟာ စစ်တပ်ရဲ့ နိဂုံးကို ပိုပြီး အဆောတလျင် မြန်ဆန်လာအောင် ဝိုင်းတွန်းပေးဖို့ လိုပါတယ်။

 NUGမှာလည်း အရင်းအမြစ် ကန့်သတ်ချက်တွေ ရှိနေသလို အရာရာ စင်းလုံးချော ကောင်းမွန်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့မျာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တခုကို ထူထောင်ပြီး မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေး သွင်ပြင် လက္ခဏာတွေမှာ လုံခြုံရေး တပ်ဖွဲ့က စွက်ဖက် တာဝန်ယူထားတဲ့ အခန်းကဏ္ဍတွေကို ကြီးကြီးမားမား ပြောင်းလဲပစ်လိုတဲ့ ရည်မှန်းချက် ပန်းတိုင်ရှိတယ်။ NUG အနေနဲ့ ဖက်ဒရယ် စနစ်အပေါ် စိတ်အာရုံ အပြည့်အဝ နှစ်မြှုပ်ထားပြီး လူများစု ဗမာတိုင်းရင်းသားတွေ ကြီးစိုးတဲ့ နိုင်ငံရေး ဝါဒကို အဆုံးသတ်စေချင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ ယုံကြည် လက်ခံလာတဲ့ထိ အပတ်တကုတ် အားထုတ်ပြနေဖို့ လိုပါတယ်။

 နိုင်ငံတကာ အသိုက်အဝန်းကလည်း NUGကို ဝိုင်းဝန်း ထောက်ခံပေးပြီး လူသားချင်း စာနာမှု အထောက်အပံ့တွေ၊ ပြည်သူ့ကျန်းမာရေး၊ ပညာရေးအတွက် ရန်ပုံငွေတွေ၊ လွတ်မြောက်နယ်မြေတွေမှာ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေအတွက် ပူးပေါင်း ကူညီသင့်ပါတယ်။ အထူးသဖြင့် အာဏာသိမ်းမှုအလွန် ကာလတွေအတွက် စီမံကိန်းတွေ ရေးဆွဲ ချမှတ်ရာမှာ NUGဟာ အကူအညီတွေ အများကြီး လိုလာပါလိမ့်မယ်။

 ဒုတိယ လုပ်သင့်တာက နိုင်ငံတကာ အသိုက်အဝန်းဟာ မြန်မာစစ်တပ်ရဲ့ ဒေါ်လာ လဲလှယ် သုံးစွဲနိုင်စွမ်းကို အကန့်အသတ် ပိုဖြစ်စေမယ့်၊ လက်နက်တွေနဲ့ စစ်သုံးပစ္စည်းတွေ တင်သွင်းမှုကို ရပ်ဆိုင်းသွားစေမယ့် အရေးယူ ပိတ်ဆို့မှုတွေကို ပိုမို မြှင့်တင် သတ်မှတ်သင့်ပါတယ်။

 တတိယ အနေနဲ့ နိုင်ငံတကာ အသိုက်အဝန်းဟာ မြန်မာနိုင်ငံအတွက် လေယာဉ်ဆီ ရောင်းချမှုတွေကို ရပ်တန့်ပစ်ရပါမယ်။ စစ်တပ်ဟာ အတိုင်းအတာ ပမာဏ သေးငယ်တဲ့ အရပ်ဖက် လေကြောင်းပို့ဆောင်မှု ကဏ္ဍကနေ သူတို့ လိုချင်တာကို အရယူပြီး ဆိုးယုတ်လှတဲ့ ဗုံးကြဲ မစ်ရှင်တွေကို ဆက်လုပ်နေဆဲပါ။

 စတုတ္ထ အကြံပြုလိုတာကတော့ နိုင်ငံတကာ အသိုက်အဝန်းဟာ စစ်ရာဇဝတ်မှုနဲ့ ပတ်သက်ပြီး ခုံရုံးတင် စစ်ဆေးနိုင်ဖို့ အထောက်အထားတွေ၊ သက်သေတွေ စုဆောင်းရာမှာ NUGကို ပိုမို ကူညီဖို့ပါ။ NUGဖက်က ဒီကိစ္စကို လိုလိုလားလား ရှိနေတဲ့တိုင်အောင် အထောက်အထားတွေ စုဆောင်းယူတာ၊ သတ်မှတ် စံနှုန်းတွေနဲ့အညီ လက်ဆင့်ကမ်း ထိန်းသိမ်းတာတွေကို နိုင်ငံတကာ ခုံရုံးဆီ တင်ပို့တဲ့ အဆင့်ထိ ဆက်သွားဖို့အတွက် သီးခြား လေ့ကျင့်မှုတွေ လိုအပ်ပါတယ်။

 ပဉ္စမ အချက်ကတော့ မြန်မာနိုင်ငံမှာ ဆက်လက် လည်ပတ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေဟာ အာမခံ ကြားလူ ထောက်ခံစနစ် (escrow)ပုံစံမျိုးနဲ့ အခွန်ပေးချေတာမျိုး လုပ်သင့်ပါတယ်။ စစ်ခေါင်းဆောင်တွေက ရန်ပုံငွေ အသည်းအသန် လိုအပ်နေတာကို ရသလောက် ခုခံ တွန်းလှန်ရပါမယ်။ ကုမ္ပဏီတွေ အနေနဲ့ သူတို့ရဲ့ အလားအလာအတွက် ဘယ်ဖက်က လောင်းကြေးထပ်မလဲ ဆိုတဲ့အပေါ် ပြန်လည် တွေးဆသင့်ပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းနဲ့ စီးပွားရေး လုပ်ငန်းကြီးတွေဟာ သူတို့ ရှေ့ဆက်မယ့် မူဝါဒ လမ်းကြောင်းတွေနဲ့ ပတ်သက်ရင် မြန်မာစစ်တပ်က အကြွင်းမဲ့ ဆက်လက် အနိုင်ရ တည်ရှိနေမယ် ဆိုတာမျိုး အနာအဆာ ဗရပွနဲ့ အတွေးမှားကြီးပေါ် အခြေခံ တွေးခေါ်နေတာတွေ ရပ်သင့်ပါပြီ။ စစ်မြေပြင်နဲ့ စီးပွားရေးဆိုင်ရာ အရှိတရားတွေ အားလုံးက သူတို့အတွက် လက်ကျန် အချိန်က အရမ်း အကန့်အသတ် ဖြစ်နေပြီ ဆိုတာကို ညွှန်ပြနေပါတယ်။

 (SCMP၏ Myanmar military unlikely to win war but opposition needs global help to depose junta ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)