အောက်တိုဘာ၊ ၁၃
ကရင်နီ (ကယား)ပြည်နယ်မှာ ရေလွှမ်းမိုးမှုကြောင့် လွိုင်ကော်မြို့နယ်အတွင်းက စစ်ရှောင်တွေအပါအဝင် လူဦးရေ နှစ်ထောင်လောက် အရေးပေါ်ရွှေ့ပြောင်းခဲ့ကြရသလို မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ် ဒေသခံတွေလည်း အခြေအနေ စောင့်ကြည့်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းတာ၊ ဘီလူးချောင်းရေ မြင့်တက်လာတာတို့ကြောင့် လွိုင်ကော် မြို့နယ်အတွင်းက ဝါရီကောခူရွာနဲ့ နိုကိုး ကျေးရွာအုပ်စုအတွင်း ရွာတချို့က ဒေသခံတွေနဲ့ စစ်ရှောင်တွေ ပြီးခဲ့တဲ့ သုံးရက်လောက်ကတည်းက ရွှေ့ပြောင်းခဲ့ရတာလို့ ကရင်နီ လူအခွင့်အရေးအဖွဲ့ (KHRG)က ကိုဗညားက DNA ကိုပြောပါတယ်။
အဲဒီကျေးရွာအုပ်စုတွေထဲက ရွာလေးရွာလောက်မှာ နေထိုင်တဲ့ ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ ရေဘေးလွတ်ရာ ကုန်းမြင့်ဒေသတွေမှာ ရွှေ့ပြောင်းနေထိုင်နေကြရတာဖြစ်ပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေကြတယ်လို့ သူကပြောပါတယ်။
“ မိုးဗြဲဆည်က ရေလွှတ်ချနေတာပေါ့၊ ဒီရက်ပိုင်းမှာလည်း ပိုလွှတ်ချဖို့ ရှိတယ်၊ ခပ်များများ လွှတ်ချမယ်လို့ ဆော်ဩထားတယ်၊ ထပ်လွှတ်ရင် ရေက ထပ်ကြီးမှာပေါ့ ” လို့ လွိုင်ကော်ဒေသခံတဦးက ပြောပါတယ်။
အဲ့ဒီလို ရေကြီးရေလျှံမှု ထပ်တိုးလာမယ့် အခြေအနေကြောင့် မြို့ပေါ်နေထိုင်သူတွေ အပါအဝင် ဒေသခံတွေအနေနဲ့ ရေကြီးမှုအခြေအနေ စောင့်ကြည့်နေရသလို လူမှုကူညီရေးအဖွဲ့အစည်းတွေကလည်း အရေးပေါ်အခြေအနေ ကြုံလာရင် ကူညီကယ်ဆယ်မှုတွေ လုပ်နေဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ်မှာ မိုးအဆက်မပြတ်ရွာနေတာ နှစ်ပတ်နီးပါး ရှိပြီဖြစ်ပြီး မိုးဗြဲဆည်မှာလည်း ရေမြင့်တက်လာတဲ့အတွက် ရေပိုလွှဲကနေ ရေလွှတ်နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ရေကြီးမြင့်မှုကြောင့် စစ်ရှောင်တွေနဲ့ ဒေသခံတွေ တိမ်းရှောင်ကြရတဲ့အပြင် လယ်ဧက ထောင်ချီဟာလည်း ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာ လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေမှာ ရေဝင်ရောက်မှု မရှိသေးပေမယ့် အခုအတိုင်း မိုးအဆက်မပြတ် ရွာနေရင်တော့ ရေတက်လာနိုင်ပြီး အနိမ့်ပိုင်းရပ်ကွက်တွေ ရေမြုပ်နိုင်တယ်လို့ လွိုင်ကော်မြို့ခံတဦးက ပြောပါတယ်။
“ ရေက တော်တော်ကြီးတယ် ပြောရမယ်၊ မြို့ပေါ်မှာတော့ အရေးပေါ် ရွေ့ပြောင်းဖို့ စီမံထားကြတာတွေ ရှိပါတယ် ” လို့ လွိုင်ကော်ဒေသခံက ပြောပါတယ်။
ပဲခူးတိုင်း ပဲခူးမြို့နယ်အတွင်းမှာလည်း ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ မြို့ပေါ်ရပ်ကွက်တွေအပါအဝင် နေရာအများစုမှာ ရေပြန်လည်ကျဆင်းနေပါတယ်။
ဒါပေမယ့် အနိမ့်ပိုင်းဒေသတွေနဲ့ ကျေးရွာတချို့မှာတော့ လက်ရှိအချိန်အထိ နေအိမ်တွေ ရေနစ်မြုပ်နေဆဲဖြစ်ပြီး ကူညီရေးအဖွဲ့တွေက စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အသုံးအဆောင်တွေ ကူညီပေးနေရဆဲ ဖြစ်ပါတယ်။
လူဦးရေ သောင်းချီ ရွေ့ပြောင်းခဲ့ကြရပြီး စပါးခင်းဧက သိန်းကျော်ပျက်စီးခဲ့တဲ့ အဲဒီရေလွှမ်းမှုဟာ နှစ်ပေါင်း ခြောက်ဆယ်လောက်အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုလို့ ဒေသခံတွေက ပြောကြပါတယ်။
ဓာတ်ပုံ – ကရင်နီပြည်စစ်ရှောင်ကူညီရေးကွန်ရက်