ဇူလိုင်၊ ၂၆
အမေရိကန်ဒေါ်လာဈေးနှုန်း ၃,၃၀၀ ကျပ် ဝန်းကျင် ရောက်ရှိလာတာကြောင့် ပြည်တွင်းရှိ ဆေးနဲ့ ဆေးပစ္စည်းဈေးကွက်မှာ ဈေးနှုန်းမြင့်တတ်မှုတွေရှိလာနေတယ်လို့ ရန်ကုန်မြို့က ဆေးကုမ္ပဏီဝန်ထမ်းတွေနဲ့ ဆေးဆိုင်တွေကသိရပါတယ်။
‘’ဆေးတွေကတော့ တက်နေတာအမှန်ပဲ။ ကျွန်မတို့ကုမ္ပဏီဆို ၁၄ ရာခိုင်နှုန်းတက်တယ်။ တချို့လည်းနှစ်ဆယ်ရာခိုင်နှုန်းအထိတက်တယ်’’ လို့ ရန်ကုန်၊စမ်းချောင်းမြို့၊ဆေးကုမ္ပဏီတခုက အရောင်းတာဝန်ခံတဦးက ပြောပါတယ်။
ငွေကျပ်နှစ်သောင်းတန် ထုတ်ဝေမယ်လို့ စစ်ကောင်စီကဇူလိုင်လ ၂၃ ရက်မှာ ကြေငြာပြီးတဲ့နောက် ရွှေ၊ဒေါ်လာနဲ့ အခြေခံစားသောက်ကုန်စည်တွေ ဈေးမြင့်တတ်ခဲ့သလို ဒေါ်လာနဲ့ပေးဝယ်နေရတဲ့ နိုင်ငံခြားဆေးတွေလည်းဈေးမြင့်တတ်ခဲ့တာပါ။
ဒါ့အပြင် ဒီကိုဂျင်တကဒ်ကို ၁,၉ဝဝကျပ် ဝန်းကျင်ကနေ ၂,၄ဝဝကျပ်၊ Vitamin C 500 Mg တကဒ်ကို ၈ဝဝကျပ်ကနေ တထောင်ကျပ်၊ ပါရာအစိမ်းရောင်တကဒ်ကို ၅၅၀ ကျပ်ကနေ ၇၀၀ ကျပ်၊ Enervon –Cတကဒ်ကို သုံးထောင်ကျပ် ဝန်းကျင်ကနေ လေးထောင်ကျပ်၊ချောင်းဆိုပျောက်ဆေးရည်တဗူးကို ၄,၅ဝဝကျပ်ကနေ ခြောက်ထောင်နီးစျေးတွေမြင့်တက်နေပါတယ်။
ဒီနေ့ ဇူလိုင်လ ၂၆ ရက်ကစတင်ကာဆေးဝါးကုမ္ပဏီ အကြီးအသေးပေါ်မူတည်ပြီး လူသုံးဆေးဝါးအားလုံး ကို ဆယ် ရာခိုင်နှုန်း၊၁၅ ရာခိုင်နှုန်းနဲ့ နှစ်ဆယ်ရာခိုင်နှုန်းအထိ ဈေးမြင့်တတ်ခဲ့တယ်လို့ မန္တလေးမြို့က ဆေးကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေသူ အမျိုးသမီး တဦးကထပ်မံအတည်ပြုပြောကြားပါတယ်။
“ ကုမ္ပဏီတွေကလေ တခုနဲ့တခုမတူဘူး ။တချို့ကုမ္ပဏီတွေက Ten Percent(ဆယ်ရာခိုင်နှုန်း)တချို့ကလည်း ဆယ့်ငါး ၊တစ်ချို့ကလည်းနှစ်ဆယ်အဲ့လိုမျိုးတတ်တာ။ Percentage(ရာခိုင်နှုန်း)တကုမ္ပဏီနဲ့တကုမ္ပဏီမတူဘူး။ အရင်သွေးတွင်းအဆီကျဆေးကို အရင်ရက်က ၄,၂၀၀၊ အခု ၅,၅၅၀ ဖြစ်သွားပြီ’’ လို့ အဲဒီအမျိုးသမီးက ဆိုပါတယ်။
ဒါ့အပြင် ဆေးဝါးကုမ္ပဏီတချို့ဟာ နယ်နဲ့ လက်လီစျေးကွက်မှာဆေးကိုအကန့်အသတ်နဲ့ ရောင်းချပေးတာရှိသလို အရောင်းခဏပိတ်ထားတာတွေလည်းရှိတယ်လို့ ရန်ကုန်မြို့က ဆေးကုမ္ပဏီဝန်ထမ်းတွေက ပြောကြပါတယ်။
အခုလိုဆေးဝါးဖြန့်ဖြူးတဲ့ ကုမ္ပဏီတွေက စျေးနှုန်းတွေမြှင့်လိုက်တာ၊ အရောင်းကန့်သတ်တာတွေလုပ်တဲ့အတွက် လက်လီအရောင်းဆိုင်အများစုကလည်း တက်စျေးနဲ့ အတူလိုက်ရောင်းနေရတယ်လို့ ရန်ကုန်မြို့က ဆေးဝါးလက်လီအရောင်းဆိုင်ပိုင်ရှင်တွေက ဆိုပါတယ်။
‘’တက်စျေးနဲ့လိုက်ရောင်းရတာပေါ့။ ဝယ်စျေးကလည်းတက်တယ်လေ။ ကျွန်တော်တို့က တပတ်တခါ ဆေးဝယ်ဖြည့်ရတော့ လိုက်တက်ရတာပဲ’’ လို့ ရန်ကုန်၊ လှိုင်မြို့နယ်က ဆေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
“ ဘာလို့တတ်တာလည်းဆို ဒိုင်တွေက တတ်တော့ လိုက်တတ်ရတာပါ ဆေးအသစ်ဝယ်ရတာမရှိပေမယ့်လည်း
သူတို့တက်တော့ ဆယ့်ငါးရာခိုင်နှုန်း၊နှစ်ဆယ်ရာခိုင်းနှုန်းလောက်တိုးရောင်းလိုက်တာ’’လို့ လို့ပဲခူးမြို့နယ်က ဆေးဆိုင်ပိုင်ရှင်တဦးက ဆိုပါတယ်။
အခုလို နေ့စဉ်သုံးဆေးဝါးတွေဈေးတတ်နေတာကြောင့် ဆီးချို၊သွေးတိုးနဲ့ အစာအိမ်ရောဂါစတဲ့ ရေရှည်ဆေးစွဲသောက်ရတဲ့ သူတွေအတွက် အခက်အခဲတွေရှိတယ်လို့ လည်း ရန်ကုန်မြို့ခံတွေက ပြောကြ ပါတယ်။
“ ဆေးကအရင်တုန်းက သုံးမယ်ဆိုရင်အခုပေါက်ဈေးနဲ့ဆို နှစ်ကဒ်သုံးကဒ်ဝယ်လို့ ရတယ်။ အခုဟာကတဖြည်းဖြည်းဈေးတတ်လာတာ အရင်ရက်ကမှ သုံးနေကျ ဆေးဝယ်တာ ခုထပ်သွား ဝယ်တာ ဈေးကတတ်သွားတယ်။ ၅၇၀၀ တန်အစာအိမ်ဆေးကို ခုနှစ်ထောင်ဖြစ်သွားပြီ သမီးရေ လျှပ်တစ်ပြက်ပဲ “ လို့ အစာအိမ်ရောဂါအတွက် ဆေးသောက်နေရသူရန်ကုန်မြို့ခံ အမျိုးသမီးတဦးက ဆိုပါတယ်။