ဇူလိုင် ၊ ၂၃
ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၃ ရက်မှာ အထင်ကရနိုင်ငံရေးသမားတွေဖြစ်တဲ့ ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင်ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကိုစစ်ကောင်စီက သေဒဏ်စီရင်ကွပ်မျက်ခဲ့တယ်လို့ထုတ်ပြန်ကြေညာပြီးတာ တနှစ်ပြည့်တဲ့အချိန်ထိ ကျန်ရစ်တဲ့မိသားစုဝင်တွေဟာ တရားမျှတမှုပြန်မရသေးတဲ့အပေါ် မြန်မာစစ်တပ်တာဝန်ခံရမယ်လို့ အာဆီယံ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
အဲဒီလို နိုင်ငံရေးအကျဉ်းသား ၄ ဦးကို တရားလက်မဲ့ သေဒဏ်စီရင်ခဲ့မှုအတွက် မြန်မာစစ်တပ်ဟာ သေချာပေါက် တာဝန်ယူရမယ်လို့လည်း လူ့အခွင့်အရေးအတွက် လုပ်ဆောင်နေတဲ့ အာဆီယံ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ဇူလိုင် ၂၁ ရက်ကထုတ်ပြန်ခဲ့တာပါ။
မြန်မာစစ်တပ်ဟာ တံခါးပိတ် စစ်ခုံရုံးတွေမှာ ဥပဒေတွေကို လိုသလို ခြယ်လှယ်ပြီး နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၄ ဦးကို သေဒဏ် ချမှတ်ထားခဲ့တာဟာ တရားဥပဒေအပေါ် စက်ဆုပ်စရာ ပြစ်မှုမျိုး ကျူးလွန်ခဲ့တာဖြစ်တယ်လိုAPHR ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။
ဒီဖြစ်ရပ်တွေဟာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ ကြီးမားလှတဲ့ အဆုံးအရှုံးမျိုး ဖြစ်လာစေကြောင်း၊ နောက်ပိုင်းမှာလည်း မြန်မာစစ်တပ်ဟာ ဥပဒေ စံချိန်စံညွှန်းတွေနဲ့ မညီညွတ်တဲ့ သဘောထားတွေကို ဆုပ်ကိုင်ရင်း မြန်မာပြည်သူ အများအပြားကို သေဒဏ်တွေ ဆက်လက် ချမှတ်နေတဲ့ အထောက်အထားတွေ တွေ့ရကြောင်း အာဆီယံ လွှတ်တော် အမတ်တွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာ စစ်တပ်ဟာ လွတ်လပ် မျှတတဲ့ တရားခွင်တွေ ရပိုင်ခွင့် အပါအဝင် လူ့အခွင့်အရေး အခြေခံ စံနှုန်းမှန်သမျှကို လိုက်နာလက်ခံဖို့ လုံးဝ ရည်ရွယ်ချက် မရှိဘူးဆိုတာ ထင်ရှားလာပြီး အာဆီယံ အနေနဲ့ ဒီကိစ္စကို လက်တွေ့ကျကျ အလေးထား ကိုင်တွယ်သင့်ကြောင်း၊မြန်မာနိုင်ငံမှာ ထောင်သောင်းချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထိန်းသိမ်း ခံထားရဆဲဖြစ်ကြောင်း အာဆီယံ လွှတ်တော် အမတ်တွေ အစုအဖွဲ့က ထောက်ပြသွားပါတယ်။
မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ အင်အားစုတွေကို ခြိမ်းခြောက်ဖို့အတွက် အားကောင်းတဲ့ သတင်းစကားမျိုး ပေးပို့တဲ့ အနေနဲ့ အခုလို ကွပ်မျက်မှုတွေ လုပ်ပြခဲ့ပေမယ့် အဲဒီ အခြေအနေကပဲ နိုင်ငံတကာ အသိုက်အဝန်းဟာ မြန်မာ စစ်အာဏာရှင်တွေကို စကားလုံးတွေနဲ့ ရှုတ်ချနေတာထက် ပိုမိုတဲ့ အားထုတ်မှုတွေ လုပ်ဆောင်သင့်ကြောင်း တောင်းဆိုသံတွေကို ကျယ်လောင်လာစေတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။
နိုင်ငံတကာရဲ့ ဖိအားပေး ကန့်ကွက် ဝေဖန်မှုတွေ ရှိနေတဲ့တိုင် စစ်တပ်ဟာ ပြည်သူတွေအပေါ် ညှင်းဆဲတာ၊ သတ်ဖြတ်တာ၊ တရားလက်မဲ့ ဖမ်းဆီး ချုပ်နှောင်တာတွေ လုပ်ဆောင်ပြီး တော်လှန်ရေးကို ဖြိုခွင်းဖို့ ကြိုးစားနေဆဲလို့လည်း အာဆီယံ လွှတ်တော် အမတ်တွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရားနဲ့ တခြား လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ ဖော်ထုတ်မှုအရ စစ်တပ်ဟာ ပြည်တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်နေတာကိုလည်း အတည်ပြုထားပါတယ်။
အာဆီယံ လွှတ်တော် အမတ်တွေ အစုအဖွဲ့ထဲမှာ ပါဝင်တဲ့ အင်ဒိုနီးရှား အောက်လွှတ်တော် အမတ် မာစီဘာရန်က တရားမဝင်တဲ့ မြန်မာ စစ်ဗိုလ်ချုပ်တွေကို သတ္တိရှိရှိ ခုခံ ဆန့်ကျင်နေတဲ့ ပြည်သူတွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တသားတည်း ရပ်တည်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို ထောက်ခံပြီး အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ မြန်မာ စစ်တပ်အပေါ် သူတို့ ကျူးလွန်တဲ့ ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံစေသင့်ကြောင်းလည်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အဲဒီလို မှုခင်းတွေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးတို့လို နိုင်ငံတကာ တရားရေး ဌာနကြီးတွေမှာ လက်တွေ့ ကိုင်တွယ် စစ်ဆေးနိုင်အောင် တွန်းအားတွေ ပိုမိုလိုအပ်တယ်လို့လည်း ဘာရန်က ထောက်ခံ ဖော်ပြသွားပါတယ်။