စစ်ရှောင်တွေအနေနဲ့ ခြင်ထောင်မပါဘဲ အိပ်ရတာတွေကြောင့် ခြင်ကိုက်ခံရမှုကနေ အခုလို ကူးစက်ခံကြရတာဖြစ်နိုင်ပြီး အရေးပေါ်အခြေအနေအတွက် အသုံးပြုမယ့် ဆေးဝါးတွေ မလုံမလောက်ဘဲဖြစ်နေတယ်လို့ ဆိုပါတယ်။
“ဆိုးဆိုးဝါးဝါးဖြစ်ပြီး စိုးရိမ်ရတဲ့ သူတော့ မရှိသေးဘူး၊ အားလုံးကတော့ အခြေအနေကောင်းကြသေးတယ်။ ဒါပေမယ့် အရေးပေါ်အခြေအနေဖြစ်လာရင် သုံးလို့ရမယ့်ဆေးက ငါးယောက်စာလောက်ပဲရသေးတယ်။ ငှက်ဖျားစစ်ဖို့ test kitတွေတော့ ရထားတယ်” လို့ ဖရူဆိုမြို့နယ်၊ အရှေ့ခြမ်းစစ်ရှောင်စခန်းတခုက ကျန်းမာရေးတာဝန်ခံ ဆရာမတဦးက DNA ကို ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းတွေမှာ ရာသီတုပ်ကွေးနဲ့ ရေမသန့်တာကြောင့် အရေပြားရောဂါတွေလည်း အဖြစ်များနေကြသလို အခြေခံဆေးဝါးကစပြီး ကျန်းမာရေးဝန်ထမ်းတွေအထိ လိုအပ်မှုရှိနေတယ်လို့ သိရပါတယ်။
“ရာသီတုပ်ကွေးလည်းဖြစ်ကြတာပဲ။ တယောက်ဖျားပြီးရင် သိပ်မကြာဘူး နောက်တယောက်ထပ်ဖျားတာပဲ။ အဓိကလိုအပ်ချက်ကတော့ ဆေးဝါးပေါ့။ ပြီးရင် ခြင်ထောင်တွေလည်း အရေးတကြီးလိုတာပဲ။ ကျမတို့စခန်းမှာဆို အရေပြားရောဂါဖြစ်တာတွေလည်းရှိလာတယ်။ ရေကလည်းမသန့် ၊တကိုယ်ရည်သန့်ရှင်းမှုကလည်း အားနည်းကြတော့ ကိုယ်တွေလက်တွေယားကြတာ။ အဲဒါကို ကုတ်ရင်းနဲ့ အနာတွေဖြစ်၊ ပြည်တွေတည် ဖြစ်ကြတာ”’လို့ ဖရူဆိုမြို့နယ်၊ အရှေ့ဘက်ခြမ်းက နောက်ထပ် စစ်ရှောင်စခန်းတခုမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာမတဦးက ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်ဦးရေ ငါးရာနီးပါးရှိနေပြီး ပရဟိတ ကျန်းမာရေးဝန်ထမ်းကတော့ ငါးဦးသာ ရှိပေမယ့် စစ်ရှောင်တွေသာမက ဒေသခံတွေကိုလည်းကုသမှုပေးတဲ့အတွက် အခုထက်ပိုပြီး ကျန်းမာရေးဝန်ထမ်းလိုအပ်တယ်လို့ ဆိုပါတယ်။
ဖရူဆိုမြို့နယ်အတွင်း အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်း စစ်ဘေးရှောင်စခန်းတွေမှာ စစ်ရှောင်ဦးရေ သုံးထောင်ထက်မနည်း ရှိနေပြီး နေရာနှစ်ခုစလုံးမှာ အခုလို ရောဂါတွေ ဖြစ်ပွားနေတယ်လို့ လည်း သိရပါတယ်။
အလားတူပဲ ကရင်နီပြည်နယ်ထဲက လွိုင်ကော်၊ ဖားဆောင်း၊ ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေမှာလည်း ရာသီတုပ်ကွေးအပြင် ငှက်ဖျားရောဂါဖြစ်တဲ့သူတွေပါ ရှိနေပြီး အဲဒီစခန်းတွေက အခြေအနေကိုတော့ Delta News Agency အနေနဲ့ အတိအကျ မသိရသေးပါဘူး။
ငှက်ဖျားရောဂါဟာ Plasmodium ကပ်ပါးပိုးရှိတဲ့ Anopheles အမျိုးအစား ခြင် အကိုက်ခံရတာကနေ ကူးစက်ခံကြရတာဖြစ်ပြီး သာမန်အခြေအနေမှာ အဖျားတက်တာ၊ ခေါင်းကိုက်တာတွေသာ ဖြစ်နိုင်ပေမယ့် အချိန်မှီ ကုသမှုမခံယူနိုင်ပါက အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။