မြန်မာနိုင်ငံမှာ အကြမ်းဖက် ရန်လိုမှုတွေ ဆက်လက် ဖြစ်ပေါ်နေခြင်းကို အာဆီယံ ရှုတ်ချ

ဇူလိုင်၊ ၁၄

မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပွားနေတဲ့ အကြမ်းဖက် ရန်လိုမှုတွေကို ခြွင်းချက်မရှိ ရှုတ်ချကြောင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက ပူးတွဲ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင် ၁၃ ရက်က အင်ဒိုနီးရှား နိုင်ငံမှာ အစည်းအဝေး တက်ရောက်နေခဲ့တဲ့ အာဆီယံနိုင်ငံတွေရဲ့ ဝန်ကြီးတွေက မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ ပြည်သူ့အိုးအိမ်တွေကို ဖျက်ဆီးမှုတွေစတဲ့ အကြမ်းဖက် လုပ်ရပ်တိုင်းကို ရှုတ်ချကြောင်း ထပ်မံ ကြေညာသွားခဲ့ပါတယ်။

ကြေညာချက် မထုတ်ပြန်ခင် မနက်ပိုင်းမှာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ အင်ဒိုနီးရှားရဲ့ နိုင်ငံခြားရေး ဝန်ကြီး ရတ်နို မာဆူဒီက မြန်မာ့အရေးနဲ့ ပတ်သက်လို့ အဖွဲ့ဝင် နိုင်ငံတွေကြား ပိုပြီး စည်းစည်းလုံးလုံး ညှိနှိုင်းကြဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက် ရန်လိုမှုတွေ အရှိန်မြင့်တက်လာတာကို တားဆီးဖို့ အဖွဲ့ဝင် နိုင်ငံတိုင်းက နိုးနိုးကြားကြား ကူညီကြစေလိုကြောင်း အင်ဒိုနီးရှားက တိုက်တွန်းခဲ့ပါတယ်။

နောက်ပြီး အာဆီယံဟာ အလုပ်မဖြစ်ဘူးလို့​ ဝေဖန်ခံနေရတဲ့ မြန်မာ့အရေး ဖြေရှင်းမှုဆိုင်ရာ ဘုံသဘောတူညီမှု ၅ ရပ်ကိုလည်း ယုံယုံကြည်ကြည် ဆက်လက် ကျင့်သုံးနေမယ်လို့ အာဆီယံ ကြေညာချက်ထဲမှာ အတည်ပြုထားပါတယ်။ အဲဒီ ဘုံသဘောတူညီမှုတွေထဲမှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက် ရန်လိုမှုတွေ ချက်ချင်း ရပ်တန့်စေဖို့၊ ပတ်သက်ဆက်နွှယ်သူ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ စတင်ဖို့ အစရှိတာတွေကို တောင်းဆိုထားပါတယ်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက ပြည်တွင်း ပဋိပက္ခတွေနဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းတိုင်းဟာ စစ်ရေးနဲ့ အရပ်ဖက် ပစ်မှတ်တွေကို ရောနှောတိုက်ခိုက်နေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့၊ ပဋိပက္ခတွေ အရှိန်မြင့်တက်မလာအောင် ရှောင်ရှားဖို့နဲ့ နိုင်ငံအဆင့် ဆွေးနွေးမှုတွေ ပေါ်ထွန်းလာရေး၊ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့ရေး လုပ်ငန်းစဉ်တွေ ချောမော အဆင်ပြေစေမယ့် ပတ်ဝန်းကျင်မျိုး ကူညီ ဖန်တီးပေးကြဖို့လည်း ကြေညာချက်ထဲမှာ ထည့်သွင်း တောင်းဆိုသွားခဲ့ပါတယ်။

မကြာသေးခင်တုန်းက မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ ထိုင်း အိမ်စောင့် အစိုးရက မြန်မာ အပါအဝင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတချို့ကို ဖိတ်ကြားပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တာကြောင့် အခုအစည်းအဝေးမှာ အက်ကြောင်းတချို့ ရှိနေခဲ့တယ်လို့ ယုံကြည်ရပါတယ်။ အာဆီယံဟာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး ကိုယ်စားလှယ်ကို အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားပေမယ့် ထိုင်းအိမ်စောင့် အစိုးရက အာဏာသိမ်း စစ်တပ်ကို အာဆီယံ အသိုက်အဝန်းထဲ ပြန်ဆွဲသွင်းဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ ထိုင်းမှာကျင်းပခဲ့တဲ့ အစည်းအဝေးကို စင်ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က မတက်ရောက်ဘဲ ရှောင်လွှဲခဲ့ကြပါတယ်။

အခုနှစ် အာဆီယံ နိုင်ငံခြားရေး ​ဝန်ကြီးတွေ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းအခုံ ကိစ္စတွေဟာ အဓိက အကျဆုံး ဆွေးနွေးမှု ခေါင်းစဉ်တွေ ဖြစ်ခဲ့ပါတယ်။ တရုတ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် ဒေသတွင်း နိုင်ငံတချို့နဲ့ ရေပိုင်နက် အငြင်းပွားမှု ပြဿနာတွေ ရှိနေခဲ့ပါတယ်။

အာဆီယံ ကြေညာချက်မှာတော့ တရုတ်ကို တိုက်ရိုက် နာမည်မတပ်ပေမယ့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတချို့ဟာ လက်ရှိ ကြုံနေရတဲ့ ပိုင်နက်နယ်မြေ လက်ဝါးကြီးအုပ်မှု၊ အားလုံးကို ထိခိုက်နစ်နာသွားစေမယ့် ကိစ္စမျိုးတွေ အပါအဝင် စိုးရိမ်စရာ လှုပ်ရှားမှု တချို့နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း အသိပေးခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။  

 

Ref: CNA