ဇူလိုင်၊ ၇
ရန်ကုန်မှာ အခုလပိုင်းအတွင်း မော်တော်ယာဉ် အဖမ်းအဆီးတွေ ကြမ်းနေတာဟာ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူးတွေက နယ်မြေအလိုက် ဖမ်းဆီးရေး အဖွဲ့တဖွဲ့ကို တရက်ငွေကျပ်သိန်းနှစ်ဆယ် ရှာဖွေခိုင်းတာကြောင့်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ သတင်းအရင်း အမြစ်တဦးက DNAကိုပြောပါတယ်။
” ဖမ်းမှာပဲ။ ဒါပေမယ့် အကြောင်းမဲ့ ဖမ်းမှာတော့ မဟုတ်ဘူး။ ဥပဒေနဲ့ ကိုင်ပေါက်ပြီးတော့ကို ဖမ်းမှာ။ ဘယ်အချိန်မှာ ဖမ်းတာ ရပ်သွားမလဲဆိုတော့ သူတို့ကို သတ်မှတ်ထားတဲ့ သိန်း နှစ်ဆယ်ကျော်မှာ ရပ်မှာ။ အဲ့သိန်း နှစ်ဆယ် ကလည်း မပြည့်လို့ မရဘူးလေ။ မပြည့်ရင် အဲ့ဒီဖမ်းတဲ့အဖွဲ့က စိုက်ပေးရတာ “လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ သတင်းအရင်း အမြစ်တဦးက ပြောပါတယ်။
အခုလို ရန်ကုန်တိုင်းအတွင်းမှာ ယာဉ်ထိန်းတပ်ဖွဲ့မှူးတွေက တစ်ရက်ကို ငွေကျပ်သိန်း နှစ်ဆယ် ရှာဖွေခိုင်းတာကြောင့်လည်း အောက်ခြေယာဉ်ထိန်းရဲတွေဟာ မော်တော်ယာဉ်တွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးပြီး အုပ်စုဖွဲ့ ငွေအတောင်းကြမ်းနေတာ ဖြစ်တယ်လို့လည်း သူ ဆိုပါတယ်။
” အခုက လုပ်ပိုင်ခွင့် ပေးလိုက်သလိုပေါ့။ တရက်ကို နှစ်ဆယ်ပေး။ ပိုတာခွဲယူ။ မပြည့်ရင်စိုက်။ မပြည့်စရာတော့ မရှိဘူး။ တချို့ အောက်ခြေအဖွဲ့တွေဆို ဒီကာလမှာတင် သိန်းရာချီ စုမိလို့ တိုက်နဲ့ကားနဲ့တောင် ဖြစ်နေပြီ။ တပ်နဲ့ပူးပေါင်းပြီး ယာဉ်စစ်တာမျိုးဆိုရင်တော့ ပိုတောင်းလို့ ကောင်းတာပေါ့ ” လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ သတင်းအရင်း အမြစ်တဦးက ပြောပါတယ်။
အခုလို ယာဉ်ထိန်းရဲတွေက အုပ်စုဖွဲ့ ပြီး ယာဉ်စည်းကမ်း အကြောင်းပြကာ ဓားပြတိုက်သလို အတောင်းကြမ်းနေတာကြောင့်လည်း ယာဉ်မောင်းတွေအနေနဲ့ ဒုက္ခရောက်နေရတယ်လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်းတွေက ပြောပါတယ်။
” ဖမ်းတာတော့ အကုန်ပေါ့။ အိမ်စီးရော၊ ကျွန်တော်တို့ တက္ကစီတွေရောပေါ့။ အဆိုးဆုံးက လှည့်တန်းမီးပွိုင့်က အဖွဲ့၊ တခါတလေ နာနတ်တော ကုန်းတံတားအောက်။ အာရှတော်ဝင်နားပေါ့။ ကျွန်တော်ကြုံသမျှကတော့ အဲ့အဖွဲ့တွေက အဆိုးဆုံးပဲ။ ကျန်တဲ့ နေရာတွေလည်း ဆိုးတာပဲ။ တခါဖမ်းရင်တော့ အနည်းဆုံး တသောင်း၊ တသောင်းခွဲလောက် ပေးရတယ်။ တနေ့ကပဲ လှည်းတန်းပွိုင့်မှာ ယာဉ်ကြောအတိုင်း မလိုက်လို့ ဖမ်းတာ၊ တစ်သောင်းခွဲ ပါသွားသေးတယ်။ အဲ့နေ့က ကားလည်း ဆွဲမကောင်းနေတော့ အုံနာကြေးတောင် မပေးလိုက်နိုင်ဘူး။ တော်တော်လေး ဒုက္ခရောက်တယ် “လို့ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။
ယာဉ်ထိန်းရဲတွေဟာ မော်တော်ယာဉ်တွေကို စစ်ဆေးတဲ့အခါ ခါးပတ်မပတ်တာ၊ ဖြူနီကြား ရပ်တာ၊ မီးနီဖြတ်တာ၊ စတစ်ကာကပ်တာ၊ ယာဉ်မောင်းလိုင်စင်၊ ဝှီးတက် စတာတွေကို အဓိက စစ်ဆေးတယ်လို့လည်း အငှားယာဉ်မောင်းတွေက ဆိုပါတယ်။
ဒါ့အပြင် တချို့ယာဉ်ထိန်းရဲတွေဟာ ယာဉ်တွေကို ဖမ်းဆီးရာမှာ အကြောင်းပြချက်အမျိုးမျိုးပေးပြီး ဖမ်းဆီးသလို စစ်တပ်နဲ့ ပူးပေါင်းဖမ်းဆီးတာမျိုးဆိုရင် စစ်တပ်နဲ့ ခြိမ်းခြောက်ပြီး ငွေညှစ်တာတွေပါ လုပ်နေတာ ဖြစ်တယ်လို့လည်း ယာဉ်ပိုင်ရှင်တွေနဲ့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။
” စစ်တပ်နဲ့ ပေါင်းပြီး ယာဉ်တွေကို စစ်တယ်ဆိုရင်လည်း လိုင်စင်တွေ စစ်တယ်၊ စတစ်ကာ ကပ်ထားရင်လည်း ဖမ်းတယ်၊ လိုင်စင်မပေးချင်ဘူးဆိုရင် တသောင်းခွဲလောက် တောင်းတယ်။ အဲ့လိုမှ မပေးရင် စစ်သားတွေကို လက်ညှိုးထိုးပြီး ဒီကောင်တွေနဲ့ဆိုရင် ခင်ဗျားပိုဆိုးမှာ ဆိုတာမျိုးနဲ့ ခြိမ်းခြောက်ပြီး ငွေညှစ်တာ ” လို့ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။
ရန်ကုန်မှာ ယာဉ်ထိန်းတပ်ဖွဲ့ကို နယ်မြေအလိုက် ခွဲခြားပြီး နယ်မြေ ( ၁) ကနေ နယ်မြေ (၇) အထိသတ်မှတ်ထားကာ နယ်မြေတခုမှာ အနည်းဆုံး မြို့နယ် နှစ်မြို့နယ် ပါဝင်တယ်လို့လည်း ယာဉ်ထိန်းရဲနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ဓာတ်ပုံ – Google