ရခိုင်မှာ စာသင်ကျောင်း ထက်ဝက်ကျော်သာ ပြုပြင်ပြီးသေးပြီး စာမသင်နိုင်သေးတဲ့ ကျောင်းတွေ ရှိနေ

ဇွန်၊ ၂၉

မိုခါမုန်တိုင်းကြောင့် စာသင်ကျောင်းပေါင်း တထောင်ကျော် ပျက်စီးခဲ့တဲ့ ရခိုင်မှာ မုန်တိုင်းအပြီး တလကျော်တဲ့ အထိ ထက်ဝက်ကျော်လောက်ကိုပဲ ပြင်ဆင်ပြီးသေးကာ စာမသင်နိုင်သေးတဲ့ကျောင်းတွေလည်း များစွာရှိနေသေး တယ်လို့ ဆရာ၊ ဆရာမတွေနဲ့ ဒေသခံတွေက ဆိုကြပါတယ်။

“တကျောင်းလုံး ပျက်သွားတာ၊ စာသင်လို့ မရသေးဘူး။ အခုထိ စာလည်း မသင်ရသေးဘူး။ ရွာမှာလည်း တခြားယာယီသင်လို့ရမယ့်နေရာလည်း မရှိဘူး။ မဖွင့်မနေရ ကျောင်းဖွင့်ရမယ်ဆိုတော့ ကျောင်းကတော့ အကုန်ဖွင့်ကြ တယ်။ ဒါပေမယ့် စာသင်ဖို့နေရာအခုထိ မရှိကြသေးဘူး”လို့ ပေါက်တောမြို့နယ်မှ ကျောင်းဆရာတဦးက  ပြောပါ တယ်။

စစ်ကောင်စီဟာ စာသင်ကျောင်းတွေကို ပြုပြင်ပေးနေပေမယ့် အရေးပေါ် စာသင်နိုင်ဖို့ နေရာတွေ စီစဉ်ပေးမှုမရှိ တာကြောင့် စာသင်ကြားဖို့ အခက်အခဲဖြစ်နေကြတာလို့ ရခိုင်ပြည်နယ်က ကျောင်း ဆရာ၊ ဆရာမတွေက ပြောကြပါတယ်။

ရသေ့တောင်မြို့နယ်နဲ့ ကျောက်တော်မြို့နယ်တို့မှာလည်း အဲဒီလို စာသင်ဖို့ နေရာမရှိလို့ ကျောင်းဖွင့်ထားတာ တ လလောက်ရှိသည့်တိုင် စာမသင်နိုင်ကြသေးတဲ့ ကျောင်းတွေ ရှိနေတယ်လို့ ဆရာ၊ ဆရာမတွေက ပြောကြပါတယ်။

“ဒီဘက်မှာလည်း စာသင်လို့မရတဲ့ကျောင်းတွေ ရှိပါသေးတယ်။ အထက်က စာရင်းမှာတော့ ကျောင်းတွေအကုန် လုံးဖွင့်ပြီး စာသင်နေကြတယ်ပေါ့။ ဒါပေမယ့် တကယ့်တကယ်ကျရင် စာသင်လို့ရအောင် ဘာမှ လုပ်မပေးထားဘူး။ အမိုးလောက်ပဲ လန်သွားတဲ့ကျောင်းတွေကိုတောင် တလလောက်ကြာမှ လာလုပ်ပေးကြတာ”လို့ ရသေ့တောင် မြို့နယ်မှ ကျောင်းဆရာတဦးက ပြောပါတယ်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တခုလုံးမှာ စာသင်ကျောင်းပေါင်း ၁၃၅၈ ကျောင်း  ပျက်စီးခဲ့ရပြီး အဲဒီအထဲက ၇၈၈ ကျောင်းကို ပြုပြင်ပြီးကာ ၆၆၀ ကျောင်းကိုတော့ ပြုပြင်နေဆဲဖြစ်တယ်လို့ ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ဇွန်လ ၂၇ ရက်မှာ သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် အသိပေးထားပါတယ်။

လုံးဝမပြုပြင်ရသေးတဲ့ကျောင်း ကိုးဆယ် ရှိနေသေးပြီး အသစ်ပြန်ဆောက်မှသာ အဆင်ပြေတော့မယ့်ကျောင်းအဆောက်အ ဦဟာလည်း ၁၈၀ အထိ ရှိတယ်လို့ လည်း ဦးလှသိန်းက ဆက်လက်ရေးသားထားပါတယ်။

“အဆောက်အဦ အခက်အခဲဖြစ်တဲ့ကျောင်းတွေအတွက် ဘုန်းကြီးကျောင်း၊ ဓမ္မရုံ၊ အစိုးရပိုင် အဆောက်အဦတွေမှာ ကျောင်းတက်စေပါတယ်။ ယာယီစာသင်ကျောင်းတွေဆောက်ပြီးလည်း သင်ကြားမှုကို မပြတ်တောက်အောင် စီစဉ် ထားပါတယ်”လို့ ဦးလှသိန်းက ပြောပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ အဲဒီလို ယာယီစာသင်ကျောင်းတွေ တည်ဆောက်ပေးတာမျိုး မရှိသလောက်သာဖြစ် နေတယ်လို့ လည်း ရခိုင်ပြည်နယ်က ဆရာ၊ ဆရာမတွေနဲ့ ဒေသခံတွေက  ပြောကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း အခြေခံကျောင်းတွေမှာ ကျောင်းအပ်သူပေါင်း (၅၃၄,၇၀၀) ရှိခဲ့ပြီး စာသင်ခန်းရောက် ကျောင်းသား၊ ကျောင်းသူအရေတွက်ဟာ (၅၃၁,၁၈၅)ဦး ရှိတယ်လို့ ဦးလှသိန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်က  တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်မှာ နေအိမ်ပေါင်း (၂၈၈,၅၃၀) ပျက်စီးခဲ့ပြီး မုန်တိုင်းဒဏ်သင့် ထိခိုက်သူပေါင်း (၁,၅၄၇,၇၆၁)ဦး ရှိကာ မုန်တိုင်းသင့်လူဦးရေရဲ့ ခုနှစ်ဆယ် ရာခိုင်နှုန်းဟာ အကူအညီ တွေ လိုအပ်နေဆဲဖြစ်တယ်လို့ ရခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားပါတယ်။