လူသားချင်းစာနာမှု အကူအညီလိုအပ်နေသူတွေကို စစ်အုပ်စုကတဆင့်အကူအညီပေးနေမှုရပ်တန့်ဖို့ အရပ်ဘက် အဖွဲ့တွေတိုက်တွန်း

ဇွန် ၊ ၂၀

မြန်မာနိုင်ငံကအကူအညီလိုအပ်နေသူတွေဆီကို စစ်အုပ်စုကတဆင့်လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ် နေတာဟာ လူ့အခွင့်အရေးဆိုင်ရာ မူဝါဒတွေကိုချိုးဖောက်နေတာဖြစ်သလို စစ်အုပ်စုကိုတရားဝင်မှုပေးနေတာ လည်းဖြစ်လို့ ရပ်တန့်ဖို့လိုတယ်လို့ မြန်မဒုက္ခသည်တွေကိုကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့တွေက ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ မြန်မာနိုင်ငံက နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေနဲ့ဒုက္ခသည် တွေကို ကူညီပေးနေတဲ့ အရပ်ဘက် အဖွဲ့ (၁၁)ဖွဲ့က  နိုင်ငံတကာ အဖွဲ့အစည်းတွေကို ရည်ရွယ်တဲ့ ထုတ်ပြန်ချက် တရပ် စုပေါင်းထုတ်ပြန်ခဲ့တာပါ။

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအကျိုးဆက်တွေကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေး နေရသူ လူဦးရေ တသန်းခွဲကျော်အထိ ရှိနေသလို မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကလည်း အလားတူ လူဦးရေကို အကူအညီတွေလိုအပ်စေခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ အစိုးရကာလတွေကတည်းက အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ လည်း အာဏာသိမ်းပြီးနောက် အခက်အခဲအကျပ်အတည်းတွေကိုပိုမိုရင်ဆိုင်နေကြရပါတယ်။

ဒီလို ဘေးဒုက္ခသည်ရင်ဆိုင်နေရတဲ့ လူဦးရေ အများအပြားရှိနေချိန်မှာ စစ်အုပ်စုဟာ အကျပ်အတည်းကာလ အတွင်း လူသားချင်းစာနာမှုအကူအညီတွေကိုအမြတ်ထုတ်ပြီး လက်နက်အဖြစ် အသုံးချတဲ့အလေ့အထကို ဆက်လက်ကျင့်သုံးနေတယ်လို့ အရပ်ဘက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာဝေဖန်ထားပါတယ်။

ဒါပေမယ့် အာဆီယံပူးပေါင်းဆောင်ရွက်ရေးစင်တာ (AHA)အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အေဂျင်စီတွေဟာ စစ်အုပ်စုနဲ့ပဲ ဆက်လက်ပူးပေါင်းဆောင်ရွက်နေကြတယ်လို့လည်း ဖော်ပြ ထားပါတယ်။

အကျပ်အတည်းရဲ့ ဇစ်မြစ်ဖြစ်သလို အဓိကဖန်တီးသူလည်းဖြစ်နေတဲ့ စစ်အုပ်စုကတဆင့် အကူအညီတွေပေးပို့နေ တာဟာ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ မူဝါဒတွေနဲ့ လူသားဆန်မှုတွေကိုသာ ပိုမိုချိုးဖောက်ရာရောက်နေ တယ်လို့လည်းထောက်ပြထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နေတာဟာ မြန်မာပြည်သူတွေက ငြင်းပယ်ထားတဲ့ စစ်အုပ်စု ကို တရားဝင်မှုပေးနေတဲ့သဘောဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေသူတွေဆီကို အမှန် တကယ် ရောက်နိုင်ဖို့အတွက် ဒေသခံအကူအညီပေးဆောင်ရွက်နေသူတွေ၊တိုင်းရင်းသားတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကို အသိအမှတ်ပြုဖို့လိုသလို NUG၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း တိုင် ပင်ဆွေးနွေးပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပဋိပက္ခဒေသတွေမှာ ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးပြီး အကူအညီလိုအပ်နေသူ တွေဆီကို အကူအညီတွေမရောက်ဖို့ ကြိုးပမ်းအားထုတ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ကုလအစည်းအဝေးတွေမှာ ပြောကြားထားပါတယ်။