ထိုင်းမှာကျင်းပမယ့် မြန်မာ့အရေးဆွေးနွေးပွဲ ကမ္ဘောဒီယားနိုင်ငံသာ တက်ရောက်မယ့်စာရင်းပေး

ဇွန်၊ ၁၈
 
ထိုင်းအိမ်စောင့်အစိုးရက ကမကထ ပြုလုပ်ကျင်းပမယ့် ဒုတိယအကြိမ် မြန်မာ့အရေး ဆွေးနွေးပွဲကို အရေးပါတဲ့ အာဆီယံနိုင်ငံတွေ မတက်ရောက်ကြဘဲ ကမ္ဘောဒီးယားနိုင်ငံသာ တက်ရောက်ဖို့ အတည်ပြုထားတယ်လို့ ဒီကနေ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
 
ဇွန်လ ၁၈ ရက် ဒီကနေ့ကနေ မနက်ဖြန် ဇွန်လ ၁၉ ရက်အထိ နှစ်ရက်တာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ကို ဖိတ်ကြားထားတာလည်း ဖြစ်ပါတယ်။
 
ထိုင်းအစိုးရရဲ့ အကြံပေးတဦးကတော့ အခုကျင်းပမယ့် အစည်းအဝေးဟာ အိန္ဒိယနိုင်ငံ၊ ဒေလီမှာ မကြာသေးခင်က ပထမအကြိမ် ကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲထက် ပိုအရေးပါတယ်လို့ ဆိုထားပါတယ်။
 
ဒါပေမယ့် လက်ရှိ အာဆီယံ ဥက္ကဌ အင်ဒိုနီးရှား နဲ့ စင်ကာပူနိုင်ငံ တို့ကတော့ ထိုင်းနိုင်ငံရဲ့ ဖိတ်ကြားချက်ကို ငြင်းဆိုထားပြီး စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ကတော့ စစ်ကောင်စီနဲ့ ပြန်လည်ထိတွေ့ဖို့ အချိန်မတန်သေးဘူးလို့ ပြောဆိုထားပါတယ်။
 
အလားတူ ဗီယက်နမ်နိုင်ငံ နဲ့ မလေးရှားနိုင်ငံ တို့ကလည်း ထိုင်းနိုင်ငံရဲ့ ဖိတ်ကြားချက်ကို မတက်ရောက်နိုင်တဲ့အကြောင်း ပြန်ကြားထားတယ်လို့လည်း ပါရှိပြီး စစ်ကောင်စီကို ရိုက်တာက ဆက်သွယ်လို့ မရဘူးလို့လည်း ဆိုပါတယ်။
 
ဖိလစ်ပိုင်နိုင်ငံကတော့ အစည်းအဝေး စတင်မယ့် ဇွန်လ ၁၈ ရက် ဒီကနေ့ မနက်အထိ အကြောင်းမပြန်ဘူးလို့ ဆက်လက်ရေးသားထားပါတယ်။
 
အဲဒီအစည်းအဝေးကို စစ်ကောင်စီကို ဖိတ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းပေါင်း သုံးရာကျော်ကလည်း အပြင်းအထန် ရှုတ်ချကန့်ကွက်စာတွေ ထုတ်ပြန်ထားတာလည်း ရှိပါတယ်။
 
စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က အာဆီယံက အဆိုပြုတဲ့ မူ ငါးချက်ကို လုပ်ဆောင်မယ်ဆိုပြီး ကတိပြုခဲ့ပေမယ့် လိုက်နာမှု မရှိဘူးလို့ နိုင်ငံတကာက ဝေဖန်ကြတာရှိပါတယ်။
 
အဲဒီငါးချက်မှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့၊ ပြည်သူတွေ အကျိုးစီးပွားအတွက် သက်ဆိုင်သူအားလုံး ငြိမ်းချမ်းတဲ့ အဖြေတခုရအောင် အပြုသဘော ဆွေးနွေးကြဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
 
ဒါပေမယ့် စစ်ကောင်စီက အဲဒီအချက်တွေကို လေးစားလိုက်နာမှု မရှိတဲ့အတွက် အာဆီယံ ရဲ့ ထိပ်သီးအစည်းအဝေးတွေ အပါအဝင် အရေးပါတဲ့ ဆွေးနွေးမှုတွေ မြန်မာအာဏာသိမ်းစစ်ကောင်စီကို မဖိတ်ကြားဘဲ ချန်လှပ်ထားခဲ့တာ နှစ်နှစ်နီးပါးရှိနေတာပါ။
 
ဓာတ်ပုံ – AFP