မေ၊ ၁၈
မန္တလေးမြို့က နာမည်ကြီး ပုဂ္ဂလိကဆေးရုံတွေဖြစ်တဲ့ ကံ့ကော်၊ မြို့တော်၊ နန်းတော် ဆေးရုံတွေရဲ့ လုပ်ငန်းလိုင်စင်တွေကို စစ်ကောင်စီရဲ့ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာအဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ပယ်ဖျက်ပြီးဖြစ်ကြောင်း ဒီလ ၁၅ ရက်စနဲ့ထုတ်ပြန်ထားပါတယ်။
အဲဒီပုဂ္ဂလိကဆေးရုံ ၃ ခုကို အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု ( CDM )မှာ ပါဝင်ခဲ့တဲ့ ဆရာဝန်တွေအပါအဝင် CDM ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ခန့်တဲ့အတွက် လုပ်ငန်းလိုင်စင်တွေကို ပိတ်သိမ်းခဲ့တယ်လို့ ကျန်းမာရေး အသိုင်းအဝိုင်းက သိရပါတယ်။
” အဓိကသူတို့ရဲ့ ရည်ရွယ်ချက်က CDM ဆရာဝန်တွေကို အလုပ်ပေးထားလို့ပေါ့နော် ။အထူးကုဆေးရုံတွေကို ပိတ်သိမ်းတယ်လို့ ကျနော်နာလည်ထားတယ်။ တချို့ဆေးရုံတွေကတော့ ဒဏ်ရာရတဲ့ စစ်ကောင်စီကြောင့်ပေါ့နော် ။ပြည်သူတွေ ၊ရဲဘော်တွေကို ဆေးကုသပေးလို့လည်းဖြစ်နိုင်တယ်။ သူတို့နဲ့မပူးပေါင်းတဲ့ CDMတွေဆိုရင် ဘဝပျက်အောင် အလုပ်အကိုင်အခွင့်အလှမ်းတွေမရအောင် ဖျက်ဆီးနေတာပေါ့ဗျ အမှန်ကတော့ဗျ ယုတ်မာတာပေါ့ ” လို့ CDM ပြုလုပ်ထားတဲ့ ဆရာဝန်တဦးကပြောပါတယ်။
မန္တလေးမြို့က နာမည်ကြီး ပုဂ္ဂလိက ဆေးရုံ ၅ ရုံဖြစ်တဲ့ မြို့တော်ဆေးရုံ၊ နန်းတော်ဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ထက်နေလင်းဆေးရုံနှင့် စိန်ပန်ဆေးရုံတွေကို စစ်အုပ်စုက ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ ကတည်းက ယာယီပိတ်သိမ်းဖို့ လုပ်ဆောင်ခဲ့တာပါ။ အဲဒီ ဆေးရုံ ၅ ခုအနက် ၃ ခုကို လိုင်စင်ပိတ်ခဲ့သလ်ို ကျန်ဆေးရုံ နှစ်ခုရဲ့ လက်ရှိခြေနေကို မသိရသေးဘူးလို့ ဆေးလောက အသိုင်းအဝိုင်းက သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက နန်းတော်ဆေးရုံက ဆီးနှင့်ကျောက်ကပ်အထူးကု (CDM)ဆရာဝန်ကြီး ဒေါက်တာဝင်းခိုင်ကို စစ်အုပ်စုက လူနာယောင်ဆောင်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့သလို အဲဒီဆေးရုံက ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်း အမျိုးသမီးနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်တွေပြီးတဲ့နောက် ဆေးရုံ ၅ ခုကို ပိတ်သိမ်းခိုင်းခဲ့တာပါ။
” အကြမ်းဖက် စစ်ကောင်စီရဲ့ အကြမ်းဖက်တဲ့နည်းလမ်းတခုပေါ့ဗျ။ လူသားတွေကို ဆေးကုသတဲ့လုပ်ငန်းတွေက ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ် မတိုက်ခိုက်ရဘူးဆိုတာ နိုင်ငံတကာ ဥပဒေမှာလည်း ပြဌာန်းထားတယ်။ ဒီအပေါ်မှာ မလိုက်နာပဲသူတို့နဲ့ မပူးပေါင်းတဲ့သူတွေကို ဖိနှိပ်တဲ့သဘောပါ။ လုပ်ငန်းရှင်ဖြစ်ပါစေ အာမခံချက်မရှိဘူးဆိုတာ ပြသလိုက်တာပေါ့ ” လို့ CDM ပြုလုပ်ထားတဲ့ ဆရာဝန်တဦးကပြောပါတယ်။
လက်ရှိစစ်ကောင်စီက Non-CDM တွေနဲ့ ဖွင့်ထားတဲ့ ဆေးရုံတွေမှာ လူနာတွေကို အပြည့်အဝ ကျန်းမာရေး ဂရုစိုက်မှုအပြည့်အဝ မပေးနိုင်တဲ့အတွက် ပုဂ္ဂလိက ဆေးရုံတွေရဲ့ ကဏ္ဍကအရေးပါနေသေးတယ်လို့ သူကပြောပါတယ်။
” စစ်ကောင်စီက သူတို့ရဲ့ Non-CDMတွေနဲ့ လည်ပတ်နေတဲ့ဆေးရုံတွေက တကယ်တမ်းလုပ်ငန်းမဖြစ်တော့ဘူး ။ဘာလိုလည်းဆိုတော့ CDM လုပ်ထားတဲ့ဆရာဝန်တွေလည်း အများကြီးပဲ ။Non-CDM တွေကလည်း ရှိတဲ့လူနာအင်အားကိုသူတို့ အကုန် Cover မပေးနိုင်ဘူး။ ဒီလိုတွေပိတ်တော့ ပြည်သူကပိုဒုက္ခရောက်မယ် ရှိတဲ့ဆေးခန်းမှာ ပြုံတိုးပြတာတွေရှိလာနိင်တယ်။ စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေဖွင့်တဲ့ဆေးရုံတွေပေါ်လာနိုင်တယ် ” လို့ သူကပြောပါတယ်။
စစ်အုပ်စုအာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်းပေါင်း တသိန်းသုံးထောင်ကျော်ထဲကCDMပြုလုပ်သူ ပေါင်းလေးသောင်းခုနှစ်ထောင်ကျော်ရှိတယ်လို့ စစ်ခေါင်းဆောင်ကဒီနှစ်၊ဖေဖော်ဝါရီလကပြောထားပါတယ်။
စစ်အုပ်စုက အာဏသိမ်းပြီးနောက် နိုင်ငံရေးနဲ့ ပက်သက်သူတွေ သူတို့ကို ဆန်ကျင့်သူတွေရဲ့ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေကို နိုင်ငံတဝန်းက ချိတ်ပိတ်တာတွေ လုပ်နေသလို လက်ရှိအချိန်အထိ CDM ပါဝင်ခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်း ၈၀၀ လောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆေးလောက အသိုင်းအဝိုင်းကသိရသလို သေဆုံးတာလည်းရှိပါတယ်။
“စစ်ကောင်စီက သူတို့အာဏနီးစပ်သူတွေပိုက်ဆံရှိသူတွေကျတော့ နိုင်ငံခြားဆေးသွားကုသလိုရနေတယ်။ ရန်ကုန်၊ မန္တလေးတွေမှာ ကြိုက်တဲ့အထူးကုနဲ့သူတို့ပြလိုရနေချိန် သာမန်လူထုအနေနဲ့ကျတော့ အရမ်းလက်လမ်းမီသွားဖို့ ခက်သွားမှာပေါ့ ” လို့ CDM ပြုလုပ်ထားတဲ့ ဆရာဝန်တဦးကပြောပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ အဲဒီ ဆေးရုံတွေကို ပိတ်သိမ်းရတာဟ လိုင်စင်စည်းကမ်းချက်ဖြစ်တဲ့ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) ကိုမလိုက်နာတဲ့အတွက်ကြောင့် လို့အကြောင်းပြထားပေမယ့် ဘယ်လိုစည်းကမ်းကို မလိုက်နာတာလည်းဆိုတာ တိတိကျကျပြောမထားပါဘူး။
ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေ(၁၉)မှာ လိုင်စင်စည်းကမ်းချက်တွေကိုလိုက်နာဖို့၊ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အမိန့်နဲ့ညွှန်ကြားချက်တွေကိုလိုက်နာဖို့စတဲ့ပြဌာန်းချက်တွေပါဝင်ပါတယ်။