တိုးတက်မှုတွေ ရှိမလာလည်း မြန်မာ့အရေး ကူညီဖြေရှင်းမှုကို အာဆီယံ လက်မလျှော့ဘူးလို့ဆို

မေ၊ ၁၂

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီ ဖြေရှင်းဖို့ အာဆီယံရဲ့ ကြိုးစား အားထုတ်မှုမှာ ဘာတိုးတက်မှုမှ ရှိမလာသေးရင်တောင် လုံးဝ လက်လျှော့မှာ မဟုတ်ဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

 အင်ဒိုနီးရှားဟာ အာဆီယံရဲ့ အလှည့်ကျ သဘာပတိ တာဝန်ကို ယူထားပြီး နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီကတော့ မြန်မာ့အရေး အာဆီယံရဲ့ ကြားဝင် စေ့စပ်ရေး လုပ်ငန်းစဉ်တွေမှာ အဓိက ဦးဆောင်နေသူ တဦးလို့ သတ်မှတ်နိုင်ပါတယ်။ အခုသီတင်းပတ်ထဲမှာ အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာတော့ မြန်မာ့အရေးဟာ နံပါတ်တစ် ဦးစားပေး ဆွေးနွေးမှုခေါင်းစဉ် ဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း အာဏာသိမ်း မြန်မာစစ်ဗိုလ်ချုပ်တွေကိုတော့ အဲဒီ အစည်းအဝေးကို တက်ရောက်ခွင့် မပေးခဲ့ပါဘူး။

 မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ကြားဝင် ညှိနှိုင်းပေးမှုတွေမှာ တိုးတက်မှုတွေ မမြင်ရသေးဘူး ဆိုရင်တောင်မှ ဒါဟာ အရှုံးပေး လက်လျှော့လိုက်ပြီဆိုတဲ့ အဓိပ္ပါယ်မျိုးတော့ မဟုတ်ဘူးလို့ မာဆူဒီက ညီလာခံ အပိတ် မိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။

 တဖက်မှာတော့ အာဆီယံက မြန်မာ့အရေး ဖြေရှင်းပေးဖို့ ဘုံသဘောတူညီမှု ၅ ချက်ကို ပုံသေ ဆုပ်ကိုင်ထားပြီး ဘယ်လို တိုးတက်မှုမှ ရှိမလာတဲ့အပေါ် စိတ်ပျက်လက်ပျက် ဝေဖန် ထောက်ပြမှုတွေလည်း တရိပ်ရိပ် တိုးလာနေပါတယ်။

 အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုကတော့ မြန်မာနိုင်ငံ အရေးကို အာဆီယံ အနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ဆိုရင် အဖွဲ့ဝင်နိုင်ငံတွေအားလုံး တသဘောတည်း ပိုမို စည်းလုံးဖို့ လိုအပ်ကြောင်း ထောက်ပြခဲ့ပါတယ်။ သူ့အနေနဲ့ မကွယ်မဝှက်တမ်း ပြောရရင် ဘုံသဘောတူညီမှု ၅ ချက် ဆိုတာက စတင်သတ်မှတ်လိုက်ချိန် ကတည်းက ထင်ရှားမြင်သာတဲ့ ဘာတိုးတက်မှုမှ ဖြစ်မလာသေးဘူးလို့လည်း ဝီဒိုဒိုက ပြောပါတယ်။

 မြန်မာ့ပြဿနာကို ဖြေရှင်းမယ့် နောက်ထပ် ခြေလှမ်းတိုင်းအတွက် အာဆီယံ အသိုက်အဝန်းဟာ စည်းလုံးနေဖို့ လိုကြောင်းလည်း သူက ဆိုပါတယ်။ တချိန်တည်းမှာပဲ မြန်မာ စစ်ဗိုလ်ချုပ်တွေကို ချိတ်ဆက် ဆွေးနွေးမှုတွေ ဆိုတာဟာ သူတို့ကို တရားဝင် အသိအမှတ်ပြုတဲ့ အဓိပ္ပါယ် မဟုတ်ကြောင်းလည်း ဝီဒိုဒိုက အတိအလင်း သဘောထား ထုတ်ပြန်သွားပါတယ်။

 အာဆီယံ အတွင်းရေးမှူးချုပ် ခိုကင်ဟွန်းကလည်း ညီလာခံရဲ့ သီးခြား အစည်းအဝေးတွေမှာ မြန်မာ စစ်အာဏာရှင်ကို ဘယ်လိုပုံစံ ထိတွေ့ ဆက်ဆံမလဲ ဆိုတာတွေကို ထည့်သွင်း ညှိနှိုင်းခဲ့ကြောင်း Reuters သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။ အခြေခံ အကျဆုံး ရည်မှန်းချက်ကတော့ ပြည်တွင်းက ရန်လို အကြမ်းဖက်မှုတွေ အမြန်ဆုံး ရပ်တန့်သွားရေးပဲ ဖြစ်တယ်လို့လည်း သူက ဆိုတယ်။

 မလေးရှား ဝန်ကြီးချုပ် ဇမ်ဘရီ အက်ဘဒူ ခါဒါးကတော့ အာဆီယံဟာ မြန်မာ့အရေးကို အလေးအနက်ထားနေပေမယ့် အကျိုးသက်ရောက်မှု အမှန်တကယ် ရှိလာဖို့ဆိုရင် ညီညွတ်တဲ့ အင်အားစု တခုဖြစ်အောင် အရင်လုပ်ရမယ်လို့ ဝန်ခံခဲ့ပါတယ်။ သေချာတာကတော့ အဖွဲ့ဝင် နိုင်ငံအားလုံးဟာ ငြိမ်းချမ်းပြီး အဓွန့်ရှည်ကြာ တည်တံ့မယ့် ဖြေရှင်းမှု ရလဒ်မျိုးကို မျှော်လင့်နေကြောင်း ခါဒါးက ပြောဆိုသွားပါတယ်။