ချင်းပြည်နယ်မှာ ဖုန်း၊ အင်တာနက်လိုင်းတွေဖြတ်တောက်တာတလနီးပါးကြာပြီ

မေ၊ ၈

ချင်းပြည်နယ်၊ ဟားခါး ၊ တီးတိန် မြို့နဲ့ ဖလမ်းမြို့တွေကို ဧပြီလ ၁၆ ရက်ကနေ စတင်ပြီး ဒီကနေ့ မေလ၈ ရက်နေ့အထိ ဖုန်း၊ အင်တာနက်လိုင်းတွေကို စစ်ကောင်စီကဖြတ်တောက်ထားတယ်လို့ဒေသခံတွေက DNAကိုပြောပါတယ်။ 

“ချင်းပြည်နယ်ကိုအင်တာနက်လိုင်းဖြတ်တောက်ပြီးသတင်းအမှောင်ချထားတာကအခုဆိုရင်တလနီးပါးရှိပြီ ။တွေးကြည့်တာကတော့စစ်သားတွေချင်းတောင်ပေါ်ကိုပြန်တက်ချင်တဲ့သဘောမှာရှိတယ် ။ပြီးခဲ့တဲ့လကပဲသူတို့တောင်တက်လမ်းမှာဒီဘက်ကကာကွယ်ရေးတပ်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာတွေလုပ်ခဲ့တာကြောင့်လို့တော့ထင်တယ်”လို့တီးတိန်မြို့က ဒေသခံတဦးက DNA ကိုပြောပါတယ်။ 

ဒီကနေ့မြန်မာစံတော်ချိန်နေ့လယ်၁နာရီအချိန်မှာတော့တီးတိန်မြို့မှာ Wifi လိုင်းတွေအနည်းငယ်ပြန်လည်ရရှိခဲ့ပေမယ့် ဖုန်းလိုင်းတွေကတော့ပြန်မပွင့်သေးဘူးလို့သူကဆိုပါတယ်။ 

ချင်ပြည်နယ်မှာ စစ်ကောင်စီက Atom နဲ့ Ooredoo ဖုန်းလိုင်းတွေကိုလုံးဝဖြတ်တောက်ထားပြီး MPT တမျိုးထဲသာတခါတရံမှာလိုင်းရတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

စစ်ကောင်စီကိုတွန်းလှန်မှုပြင်းထန်နေတဲ့ချင်းပြည်နယ်ကိုဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာကြောင့် အနီးတဝိုက်တွေမှာတိုက်ပွဲဖြစ်တာကစမသိရဘူးဖြစ်နေတယ်လို့လည်း ဟားခါးမြို့ကဒေသခံတဦးကပြောပါတယ်။ 

“ တိုက်လေယာဉ်တွေလာတာတွေ့တယ်။စစ်သားတွေဘယ်ကိုဗုံးကြဲလိုက်ပြီလဲမသိဘူး ။အဲ့ဒီလောက်ပဲကျွန်တော်တို့ သိနိုင်တယ် ။ဖုန်းခေါ်လဲဝင်ပြီးအသံမကြားရဘူး “ လို့ ဟားခါးမြို့ကဒေသခံတဦးက DNA ကိုပြောပါတယ်။ 

 စစ်ကောင်စီဟာ  စစ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အင်အားစုတွေ အားကောင်းတဲ့ စစ်ကိုင်း၊ မကွေး နဲ့ ချင်း ပြည်နယ်တွေမှာသူတို့ကျူးလွန်နေတဲ့  အကြမ်းဖက်မှုတွေကို မှတ်တမ်း တင်ခံရခြင်း ကနေကာကွယ်ဖို့နဲ့  လူထုအကြား သတင်းအချက် အလက် စီးဆင်းမှုကို ဖြတ်တောက်ဖို့ ပစ်မှတ်ထား လုပ်ဆောင်နေတာဖြစ်တယ်လို့ Access Nowမှာဖော်ပြထားပါတယ်။ 

Access Now အဖွဲ့ဟာ နိုင်ငံတကာအင်တာနက်ပိတ်ဆို့မှုတွေအတွက် ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားမှုပြုလုပ်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကမြန်မာနိုင်ငံ မြို့နယ် ၃၃၀ လုံးမှာအင်တာနက်ပိတ်ဆို့မှုကို  အနည်းဆုံး တကြိမ် ကြုံတွေ့ခဲ့ရပြီးမြို့နယ်ပေါင်း ၅၀ ကျော်မှာအင်တာနက်ဖြတ်တောက်ခံရတာလက်ရှိမှာ တနှစ်ကျော် ကြာမြင့်လာပြီဖြစ်တယ်လို့လည်းသိရပါတယ်။ 

ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ်ဟာ  အင်တာနက် ပိတ်ခံထားရတာ ၁၈ လ ကျော် ကြာပြီ ဖြစ်ရာ  အရှည်ကြာဆုံး အင်တာနက် ဖြတ်တောက်ခံထားရမှုလည်းဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာစစ်ကိုင်းတိုင်းထဲကမြို့နယ်၃၄မြို့နယ်ကိုလည်းအင်တာနက်ပိတ်ဆို့မှုတွေလုပ်ဆောင်ထားတယ်လို့ Access Now ကဆိုပါတယ်။

စစ်ကောင်စီဟာ အင်တာနက်ပိတ်ဆို့တာကိုအာဏာသိမ်းပြီးကတည်းက လက်နက်သဖွယ်အသုံးပြုနေပြီး စစ်ကြောင်းမထိုးခင် ရှေ့ပြေးလေယာဉ်တွေမလာခင် တနာရီလောက်ကြိုပြီး ဖုန်းလိုင်းဖြတ်တယ်လို့ကြားသိကြောင်းAccess Now ကဒဏ်ဂျစ်တယ်အခွင့်ရေးလှုပ်ရှားသူမဝေဖြိုးမြင့်ကဆိုပါတယ်။

“မြေပြင်အဖွဲ့တွေကတဖွဲ့နဲ့တဖွဲ့ စစ်ကြောင်းထိုးနေတဲ့အခြေနေတွေကိုဖုန်းဆက်မပြောနိုင်တဲ့အနေထားမျိုးဖြစ်တယ်။အသက်ဘေးကရှောင်တိမ်းဖို့သတင်းအချက်လက်မရနိုင်တဲ့အနေထားဖြစ်တယ်” လို့ မဝေဖြိုးမြင့်ကပြောပါတယ်။

မြန်မာစစ်တပ်ဟာ ဒီချုပ်ပါတီအုပ်ချုပ်ခဲ့စဉ်ကလည်း ရခိုင့်တပ်တော် AA နဲ့တိုက်ပွဲတွေပြင်းထန်ခဲ့ချိန်က ရခိုင်ပြည်နယ်က မြို့နယ် ခုနစ်မြို့နယ်နဲ့ချင်းပြည်နယ်၊ ပလက်ဝမြို့တွေကို ၂၀၁၉ခုနှစ်၊ဇွန်လကနေ ၁၉ လကြာအင်တာနက်ဖြတ်တောက်ခဲ့ပြီးလူပေါင်းတသန်းကျော်သက်ရောက်မှုရှိခဲ့ပါတယ်။