ဗီယက်နမ်ရဲ့အပူချိန် စံချိန်သစ်တင်

မေ၊ ၈

အရှေ့တောင် အာရှ ဒေသတွင်းက ဗီယက်နမ်ဟာ နိုင်ငံ သမိုင်းတလျှောက် အမြင့်ဆုံး စံချိန်တင် အပူချိန်ကို တိုင်းတာ ရရှိခဲ့ပါတယ်။

မေလ ၆ ရက်က နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ တန်ဟိုအာ ဒေသမှာ နေ့အပူချိန် ၄၄.၁ ဒီဂရီ ဆဲလ်ဆီးရပ်စ် (၁၁၁ ဒီဂရီ ဖာရင်ဟိုက်)ထိ တိုင်းတာ ရရှိခဲ့တာကြောင့် ၂၀၁၉ တုန်းက နိုင်ငံရဲ့ အပူဆုံး ၄၃.၄ ဒီဂရီ ဆဲလ်ဆီးရပ်စ် စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗီယက်နမ်ဟာ တခြား အရှေ့တောင်အာရှ နိုင်ငံတွေနည်းတူ လတ်တလော ကာလတွေမှာ လွန်လွန်ကျွံကျွံ ပူပြင်းတဲ့ ဒဏ်ကို ခံစားနေရပါတယ်။ မိုးလေဝသ ပညာရှင်တွေက လာမယ့် ရက်ပိုင်းတွေအတွင်း အပူချိန် လျော့ပါးမသွားနိုင်တဲ့အပြင် လက်ရှိထက်တောင် အခြေအနေ ဆိုးသွားနိုင်ကြောင်း သတိပေးထားပါတယ်။

ဗီယက်နမ်ရဲ့ ပထဝီဝင် အနေအထားအရ နိုင်ငံ မြောက်ပိုင်းကနေ တောင်ပိုင်းထိ ဒေသအသီးသီးမှာ ရာသီဥတု အခြေအနေတွေက ကွဲပြားလေ့ ရှိပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံး ခြုံကြည့်ရင်တောင် လောလောဆယ် သမိုင်းတလျှောက် အပူဆုံး နှစ်တနှစ်ကို ကြုံနေရပါတယ်။

ဗီယက်နမ်အပြင် အရှေ့တောင်အာရှ ဒေသတွင်းက နိုင်ငံတချို့ဟာလည်း ဧပြီလထဲမှာ နိုင်ငံအလိုက် စံချိန်ချိုးတဲ့ အပူချိန်တွေကို မျက်ဝါးထင်ထင် ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဥပမာ အနေနဲ့ ထိုင်းနိုင်ငံဟာ အနောက်ပိုင်းက မတ်ခ်ဒေသမှာ စံချိန်ဟောင်းနဲ့ တူညီတဲ့ အမြင့်ဆုံး အပူချိန် ၄၄.၆ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ရောက်ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း တမူးမြို့နယ်မှာ အပူချိန် ၄၃.၈ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ မြင့်တက်ခဲ့ပြီး ဆယ်စုနှစ် တခုအတွင်း တိုင်းတာ ရရှိဖူးသမျှ အပူဆုံး စံချိန် ဖြစ်လာပါတယ်။ လာအိုနိုင်ငံမှာလည်း အပူချိန် စံချိန်သစ်တွေ ကြုံခဲ့ရပါတယ်။

အရှေ့တောင်အာရှ ဒေသမှာ မုတ်သုံရာသီ မဝင်ရောက်ခင် ပူပြင်းတဲ့ ရာသီဥတုမျိုးကို နှစ်စဉ် ကြုံတွေ့ရလေ့ ရှိပေမယ့် ဒီနှစ်ကတော့ ဒေသတခုလုံးအနှံ့ စံချိန်တွေ ကျိုးလောက်အောင် အရမ်းပူနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရာသီဥတု ပူနွေးလာမှု ပြဿနာနဲ့ ပတ်သက်လို့ နိုင်ငံတကာ ခေါင်းဆောင်တွေ အကျေအလည် ဆွေးနွေးခဲ့ပြီးတဲ့နောက် ကမ္ဘာ့ ပျမ်းမျှ အပူချိန်ကို ၁.၅ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထက် ပိုပြီး မြင့်တက်မလာအောင် စုပေါင်း ဟန့်တားကြဖို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ကမ္ဘာ့ ပျမ်းမျှ အပူချိန်ဟာ ၁.၁ ဒီဂရီ ဆဲလ်ဆီးရပ်စ် တိုးလာပြီး ၂၀၃၀ ပြည့်လွန်နှစ်တွေကျရင် ၁.၅ ဒီဂရီ ဆဲလ်ဆီးရပ်စ် ကန့်သတ်ချက်ကို ကျော်လွန်သွားဖွယ် ရှိနေကြောင်း ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

 

Ref: BBC