မုန်တိုင်းဝင်နိုင်ခြေရှိတဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ စစ်ကောင်စီက ကြိုတင်သတိပေး ပြင်ဆင်မှုမရှိသေးဘူးလို့ ဒေသခံတွေပြော

မေ၊ ၆
 
လာမယ့် သီတင်းပတ်တခုအတွင်း ဆိုင်ကလုန်မုန်တိုင်းတခု မြန်မာနိုင်ငံကမ်းရိုးတန်းဒေသတွေကို ဝင်ရောက်နိုင်ခြေရှိနေတယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပေမယ့် ရခိုင်ကမ်းရိုးတန်းဒေသတွေမှာတော့ ကြိုတင်သတိပေးပြင်ဆင်မှုတွေ လုပ်နေတာမရှိသေးဘူးလို့ ကျောက်ဖြူ၊ မြေပုံနဲ့ မာန်အောင်မြို့နယ်က ဒေသခံတွေက DNA ကို ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လာမယ့်ရက်ပိုင်းအတွင်း စတင်ဖြစ်ပေါ်မယ့် လေဖိအားနည်းရပ်ဝန်းဟာ မြန်မာနိုင်ငံ ကိုးကိုးကျွန်းအနီး မေလ ၁၁ ရက်လောက်မှာ ဆိုင်ကလုန်းမုန်တိုင်း စဖြစ်ကာ နောက်ထပ်ရက်ပိုင်းအတွင်း မြန်မာကမ်းရိုးတန်းဒေသတွေကို ဝင်ရောက်နိုင်ခြေရှိနေတယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြတာပါ။
“ မုန်တိုင်းရှိတယ်၊ ငါးဖမ်းမထွက်ကြနဲ့လို့ပဲ ပြောထားတယ်၊ ကျန်တာ ဘာမှအစီအစဉ်တွေ လုပ်ပေးထားတာမရှိဘူး၊ မုန်တိုင်းဖြစ်လို့ ဝင်လာခဲ့ရင် အကုန်ဒုက္ခရောက်ကြမှာ၊ ကျွန်တော်တို့က ပင်လယ်၀ တည့်တည်မှာနေကြတာလေ ” လို့ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပင်လယ်ကမ်းခြေမှာနေထိုင်တဲ့ ရွာသားတဦးက ပြောပါတယ်။
စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာထဲမှာတော့ ရခိုင်ပြည်နယ်အတွင်း သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က အစည်းအဝေးပြုလုပ်ကာ ကြိုတင်ကာကွယ်ရေးအစီအမံတွေ လုပ်ဆောင်ဖို့ ညွန်ကြားထားတယ်လို့ ဖော်ပြထားပါတယ်။
 
အာဏာသိမ်းစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဦးဆောင်ပြီး မေလ (၄)ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဝင်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နဲ့ အမ်းခရိုင်တို့က စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီအစည်းအဝေးမှာ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းတွေအတွက် ကြိုတင်ပြင်ဆင်ထားမှုနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် တပ်နယ်အလိုက် ပြင်ဆင်ထားမှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။
 
ဒါပေမယ့် လက်ရှိခန့်မှန်းချက်တွေအရ ဆိုင်ကလုန်းမုန်တိုင်း ဝင်လာနိုင်တဲ့လမ်းကြောင်းပေါ်မှာရှိနေတဲ့ ကျောက်ဖြူ၊ မြေပုံမြို့နယ်တို့က ဒေသခံတွေ‌ကတော့ စစ်ကောင်စီက ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေ အသိပေးပြင်ဆင်ထားတာမျိုး မရှိသေးဘူးလို့ ပြောကြပါတယ်။
“ ကိုယ့်ဟာကိုယ်ပဲ အားကိုးပဲ နေကြရတယ်၊ လေက တော်တော်ပြင်းမယ်၊ ရေလည်း တော်တော်မြင့်မယ်ဆိုပြီး ပြောနေကြတော့ စိုးရိမ်နေကြတယ်၊ အခုပြောနေကြတဲ့အတိုင်းဆိုရင် ဘာမှတောင်ကျန်မှာ မဟုတ်ဘူး ” လို့ ကျောက်ဖြူမြို့နယ်က ဒေသခံတဦးကလည်း ပြောပါတယ်။
လက်ရှိမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်စုဖွဲ့ဖို့ပြင်ဆင်နေဆဲ အဆင့်မှာသာရှိနေသေးတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းက မိုးလေဝသအချက်အလက်တွေအရ လာမယ့်သီတင်းပတ်အတွင်း ဖြစ်လာနိုင်ခြေရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးကနေ ကုန်းတွင်းကို ဝင်ရောက်လာနိုင်တယ်လို့ မိုးလေဝသစောင့်ကြည့်သူ ဦးဝင်းနိုင်က ပြောထားပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကတော့ အဲ့ဒီမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကို ဖြတ်သန်းနိုင်ခြေရှိနေသလို ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း ကြားကိုလည်း ဖြတ်ကျော်ဝင်ရောက်လာနိုင်ခြေရှိနေတယ်လို့ နိုင်ငံတကာ မိုးလေဝသစောင့်ကြည့်အချက် အလက်တွေကို ကိုးကားပြီး ထုတ်ပြန်ထားပါတယ်။
 
မုန်တိုင်းဖြတ်သန်းဖို့ အလားအလာရှိနေတဲ့ ခန့်မှန်းလမ်းကြောင်းတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ သတိနဲ့ နေထိုင်ကြဖို့နဲ့ အချိန်ပိုင်းအလိုက် ထုတ်ပြန်နေတဲ့ မိုးလေဝသခန့်မှန်းချက်တွေကို ဂရုပြုနားစွင့်ကာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ NUG က အကြံပြုထားပါတယ်။
 
ရခိုင်ပြည်နယ် စစ်ကောင်စီအဆင့်မှာ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်လို့ အစည်းအဝေးပြုလုပ်ကာ ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ထားပေမယ့် လက်တွေ့မှာတော့ ကြိုတင်သတိပေးပြင်ဆင်မှုတွေ လုပ်တာမတွေ့ရသေးဘူးလို့ ရခိုင်ပြည်နယ်အခြေစိုက် လူမှုကူညီရေးအဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“ တတ်နိုင်သလောက် ကူညီလို့ရအောင် ပြောထားကြတာတော့ ရှိတယ်၊ ဒါပေမယ့် အရပ်ဘက်အဖွဲ့တွေအနေနဲ့ တကယ်တမ်းဖြစ်လာရင် ဘာမှတတ်နိုင်မှာ မဟုတ်ဘူး၊ ဖြစ်ပြီးသွားမှ ကူညီ၊ ကယ်ဆယ်တာတွေ လုပ်လို့ရမှာ၊ စစ်ကောင်စီကတော့ ဘာမှလုပ်တာမရှိဘူး၊ သတိပေးကြေညာတာတောင် မတွေ့ရသေးဘူး၊ တကယ့်တော့ ဒါက သူတို့လုပ်ရမယ့်အလုပ်တွေပါ ” လို့ သူကပြောပါတယ်။
အဲ့ဒီမုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်း၊ မြစ်၀ကျွန်းပေါ်နဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးကြီးတာ၊ ရေကြီးတာတွေ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ 
ဓာတ်ပုံ – NUG