သတ်မတော်ကာကွယ်ရေးဦးစီးချုပ်(သတ်ချုပ်) ဗိုလ်ချုပ်မှူးကြီးမအလ၏ ရုံးအခန်းအတွင်းသို့ ဇော်မဲလုံး တစ်ယောက် ခပ်သုတ်သုတ်ဝင်လာသည်။
“အဘ”
ဇော်မဲလုံး၏ ခေါ်သံကြားသဖြင့် စားပွဲမှာထိုင်လျက် စာရေးနေသော သတ်ချုပ်မအလ မျက်လုံးကို တစ်ချက်ပင့် ကြည့်ပြီးနောက် မူလတည်ရာစာရွက်ပေါ်သို့ အကြည့်ကိုပြန်ရွှေ့ကာ စကားဆိုသည်။
“ငါပြောထားတဲ့ လျှပ်စစ်ကားတွေ ပြေးဆွဲဖို့ အဆင်သင့်မဖြစ်သေးဘူးလား”
“ကားတွေကတော့ အဆင့်သင့်ဖြစ်ပါပြီ အဘ။ အဘသားနဲ့ သမီးရဲ့ ကားအရောင်းပြခန်းတွေထဲမှာလည်း အပြည့် ထည့်ထား ပြီးပါပြီ။ လက်တင်ရောင်းရုံပါပဲ အဘ။ ဒါပေမဲ့….မဲ့”
“အေး … ကားတွေ ငါ့သားနဲ့ သမီးဆီ ရောက်လာတာကို သိလို့လည်း အခုလို မေးရတာပေါ့ဟ။ ငါ့သားသမီး Showroom ထဲကနေ အပြင်ကို တစ်စီးမှ မထွက်သေးလို့ကို မေးနေရတာ”
ဇော်မဲလုံးစကားပင်မဆုံးလိုက် ဒေါသသံပါသောစကားများကို သတ်ချုပ်မအလဘက်က ဆိုလာပြန်သည်။ ထိုစကား များကြားပြီးနောက် ဇော်မလုံးတစ်ယောက် ပါးစပ်က “အာ့ကျကျ…အာ့ကျကျ”ဟုရွတ်လျက် မျက်နှာသည်လည်း မအီအသာဖြစ်ကာ ပြောရခက်နေသည့်ဟန်ရှိသည်။ ထိုအခြေအနေကို ရိပ်မိသော သတ်ချုပ် မအလကပင် စကား လမ်းကြောင်းပေးလိုက်သည်။
“ပြောမှာသာ ပြောစမ်း။ ဘာအခက်အခဲတွေရှိနေလဲ။ အဲဒီအခက်အခဲကို ငါသိမှ ဖြေရှင်းပေးနိုင်မှာပေါ့”
သတ်ချုပ်မအလစကားကြားပြီးနောက် ဇော်မဲလုံးလည်း စကားကို အရဲစွန့်ပြောလိုက်တော့သည်။
“ဒီ…ဒီလိုပါ အဘ။ အဘ စီစဉ်ထားတဲ့ လျှပ်စစ်ကားတွေပြေးဖို့ လျှပ်စစ် အခက်အခဲရှိနေလို့ပါ”
“ဟေ…ဘယ်လို…ဘယ်လို။ နာရီဝက်အားသွင်းရင် ပြည့်ပြီး မောင်းလို့ရတယ်လို့ မင့်တို့ပဲ ငါ့ကို ပြောခဲ့တာ မဟုတ်လား။ အဲဒီကားတွေ အားသွင်းဖို့ ဘယ်နေရာ ကနေခက်နေတာလဲ။ ပြောစမ်းပါဦး ငမဲလုံးရ။ နာရီဝက် တည်းလေကွာ။ နာရီဝက်ပဲ။ ဘာလဲ အားသွင်းတာဝါတွေ ထောင်ဖို့ ငွေမရှိတာလား။ အဲဒါဆို အခုပဲ…ပဲ”
သတ်ချုပ်စကားမဆုံးခင်မှာပင် ဇော်မဲလုံးက ဝင်ကာထောက်၍ စကားဆိုလိုက်သည်။
“အာ့လို နာရီဝက်အားသွင်းဖို့ကို လျှပ်စစ်မီးက မရတာပါအဘ။ မလာတစ်လှည့်၊ ပျက်တစ်လှည့်၊ Breakdown တစ်လှည့်နဲ့ ၂၄ နာရီပတ်လုံး ပတ်ချာလည်နေတာမို့ပါ အဘ”
ထိုစကားကြားပြီးနောက် သတ်ချုပ်မအလသည် ရေးလက်စစာကိုပင် ဆက်မရေးတော့ဘဲ ဘောလ်ပင်အား စားပွဲ ပေါ်ပစ်ချကာ လက်များတဆတ်ဆတ်တုန်လာသည်။ မေးများလည်း တဂတ်ဂတ်ရိုက်လာသည်အထိ ဒေါသများ ချောင်းချောင်းထွက်လာတော့သည်။
“တော်…ဘာဆင်ခြေမှ မကြားချင်ဘူး။ မင့်ဖာမင်း လျှပ်စစ်မရလို့ တိုင်းပြည်ပျက်ချင်ပျက်သွားပါလေ့စေ ငါ့သားနဲ့ ငါ့သမီး Showroom ထဲက ကားတွေ အပြင်ရောင်းထွက်ပြီး လျှပ်စစ်ကားတွေ ပြေးဆွဲနိုင်မယ်ဆိုတဲ့ ငါ့စကား အတည်ဖြစ်ဖို့သာလုပ်။ ကျန်တဲ့ဆင်ခြေ ဘာမှမလိုချင်ဘူး။ အခုလာရင်းကိစ္စက ဘာလဲ …. မြန်မြန်ပြော”
“တခြားတင်ပြစရာကတော့ အဘလည်း သိပြီးဖြစ်တဲ့ အမေရိကန်က အတည်ပြုလိုက်တဲ့ NDAA ဥပဒေနဲ့ ကုလ လုံခြုံရေးကောင်စီက ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေပါပဲ အဘ”
ဇော်မဲလုံးစကား ကြားသည်နှင့် ပထမနည်းတူ ရေးလက်စစာအား ရပ်တန့်ကာ ဘောလ်ပင်အား စားပွဲပေါ်ပစ် တင်လျက် သတ်ချုပ်မအလ စကားဆိုသည်။
“အေး … အခု စာရေးနေတာ အဲ့ဒီကိစ္စတွေကို တန်ပြန်ဖို့အတွက်ပဲ။ ပြောစမ်းပါဦး အဲဒါတွေနဲ့ ပတ်သက်ပြီး မင်းဘာ ထပ်သိသေးလဲ။ တရုတ်နဲ့ ရုရှဘက်ကရော ဘာတွေ တုန့်ပြန်မှုရှိလဲ”
“ဟုတ်ကဲ့ အဘ။ ကျွန်တော်ကြားတာတော့ NDAA ကိစ္စနဲ့ပတ်သက်ပြီး တရုတ်ဘက်က ကန့်ကွက်တယ်တဲ့။ လုံခြုံ ရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ပတ်သက်ရင်တော့ တရုတ်၊ ရုရှသာမက…က”
ဇော်မဲလုံး၏စကားပင်မဆုံးလိုက်။ ထုံးစံအတိုင်း သတ်ချုပ်မအလ အလောတကြီးဖြင့် စကားဖြတ်ပြောသည်။
“တရုတ်…တရုတ်က ဘာတဲ့လဲ ငါတို့အပေါ် အမေရိကန်က ဥပဒေနဲ့အနိုင်ကျင့်တာကို မခံမရပ်နိုင်ဘူးတဲ့လား။ ဘယ်လိုတန်ပြန်အရေးယူမတဲ့လဲ။ ဂျိုးဘိုင်ဒန်ကို ကြိုးဝိုင်းပေါ်မှာ တွေ့မယ်၊ ဘာညာနဲ့ ခြိမ်းခြောက်လိုက်သေး သလား။ ပြီးတော့…ပြီးတော့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အပေါ် တရုတ်၊ ရုရှက ဘာ…ဘာတဲ့လဲ။ သူတို့လည်း မခံမရပ်နိုင်ဘူး။ တုန့်ပြန်မယ်တဲ့လား”
သတ်ချုပ်မအလ ပြောချင်ဇောတွေနဲ့ မရပ်မနားပြောလာလိုက်တာ စားပွဲနောက်ရှိနေရာက စားပွဲပေါ်အထိ ရောက် လာတော့သည်။ ဇော်မဲလုံးအရှေ့ စားပွဲအစွန်တွင် ခြေစုံရပ်လျက်သားဖြစ်နေ၏။
“အဲ့…အဲ့လို…မ…မဟုတ်…မဟုတ်ပါဘူး အဘ။ တရုတ်ဘက်က ကန့်ကွက်တာက အဲဒီ NDAA ထဲမှာ ထိုင်ဝမ် ကျွန်းကို အကူအညီပေးရေးအချက်တွေ ပါဝင်နေတာကြောင့် တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး အပြုသဘော မဆောင်တဲ့ ကိစ္စတွေ ပါဝင်နေတယ်ဆိုပြီး ကန့်ကွက်တာပါ။ ပြောရရင် သူ့ကိုထိလို့ ကန့်ကွက်တာပါ။ အဘကို ထိလို့ မဟုတ် ပါဘူး။ ပြီးတော့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အပေါ် တရုတ်နဲ့ ရုရှက ဗီတိုမသုံးခဲ့သလို အဲဒီ တရုတ်၊ ရုရှသာမက အဘအားကိုးအားထားပြုတဲ့နောက်ထပ်တစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယကပါ ကြားနေအဖြစ် နှုတ်ဆိတ်နေခဲ့ကြတယ်လို့ ပြောချင်တာပါအဘ။ ကျွန်တော်တို့ကို သူတို့က ဗီတိုဖို့နေနေသာသာ ကန့်ကွက်မဲတောင် မပေးကြတော့ပါဘူး အဘ”
ဇော်မဲလုံး၏ စကားအဆုံးတွင် စားပွဲနှုတ်ခမ်းစွန်း၌ ရပ်နေသော သတ်ချုပ်မအလ နောက်ပြန်လဲကျသွားသည်။ သူ့ခမြာ လဲကျနေရာမှာတင် မင်းကုသလို “မင်းထူမှ ထမယ်”ဆိုပြီး အိုက်တင်ခံမနေအား ချက်ချင်းကုန်းရုန်းထကာ ရေးလက်စ စာအား ရေးနေပြန်သည်။
ထိုသို့ သတ်ချုပ်မအလစာကုန်းရေးနေစဉ်မှာပဲ ဇော်မဲလုံးက စကားတစ်ခွန်းဆိုပြန်သည်။
“နောက်တစ်ခု တင်ပြဖို့ ကျန်နေလို့ပါ အဘ။ ဟို … ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ ဖွဲ့စည်းပုံပြင်ဆင်ဖို့ဆိုပြီး အကြောင်းပြ ဖိတ်ခိုင်းထားတဲ့ အပစ်ရပ်ခုနစ်ဖွဲ့က ဒီနေ့ပဲ အကြောင်းပြန်လာပါတယ်”
ဇော်မဲလုံး၏ စကားဆုံးသည်နှင့် ဝမ်းသာအားရအသံဖြင့် သတ်ချုပ်မအလ ချက်ချင်းပင် စကားထောက်သည်။
“ဟေ … ဟုတ်လား … ဘာတဲ့လဲ … တွေ့ကြမယ်တဲ့လား”
“မတွေ့နိုင်ပါဘူးတဲ့ အဘ”
ဇော်မဲလုံးထံမှ တုန့်ပြန်စကားကို ကြားတော့ အကြောများရွတ်တွကာ ဖြူဖတ်ဖြူရော်ဖြစ်နေသော သတ်ချုပ် မအလ၏ မျက်နှာသည် ပို၍ ရွတ်တွ၊ ပို၍ ဖြူဖတ်သွားခဲ့တော့သည်။ ထို့နောက် ရေးလက်စ စာကိုသာ အားနှစ်ဆ တိုးကာ ရေးနေတော့သည်။
စာကိုအဆုံးသတ်ပြီးနောက် ဇော်မဲလုံးထံ ပစ်ပေးကာ “ဒီစာကို မင်းရဲ့ ရုပ်မြင်သံကြားတွေ၊ သတင်းစာတွေ သာမက မင်းလက်သပ်မွေးထားတဲ့ တပည့်မီဒီညာအဖွဲ့တွေဆီကိုလည်း ဖြန့်။ မနက်ဖြန်မှာ အဲဒီစာ မင်းမီဒီညာတွေကနေ အားလုံးတစ်ပြိုင်တည်းပါလာတာ မြင်ချင်တယ်” ဟုဆိုလိုက်သည်။
သတ်ချုပ်မအလပစ်ပေးသော စာအား ဇော်မဲလုံး ကောက်ယူဖတ်ကြည့်လိုက်ရာ
၁။ ငါ့သား စီးပွား ဖျက်ဆီးသူ – အလိုမရှိ။
၂။ ငါ့သမီး ဥစ္စာ နှောင့်ယှက်သူ – အလိုမရှိ။
၃။ ဒီမိုကရေစီဖြင့် အနိုင်ကျင့်သူ – အလိုမရှိ။
၄။ ဒေါ်လာငွေဖြင့် အနိုင်ကျင့်သူ – အလိုမရှိ။
၅။ ဥပဒေဖြင့် အနိုင်ကျင့်သူ – အလိုမရှိ။
၆။ ကြားနေခြင်းဖြင့် အနိုင်ကျင့်သူ – အလိုမရှိ။
၇။ ငြိမ်းချမ်းရေးဖြင့် အနိုင်ကျင့်သူ – အလိုမရှိ။
ဟူသော မအလကြွေးကြော်ချက် ခုနှစ်ချက်ဖြစ်နေပါသတဲ့။ ။
ကိုရင်နွေဦး