ဒေသခံတွေက လက်မခံနိုင်ကြောင်း အကြိမ်ကြိမ် ဆန္ဒထုတ်ဖော်ထားသလို အရပ်သားအစိုရလက်မှာလည်း ရပ်နားထားခဲ့တဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က နေပူတောင်မာဘယ်ကျောက်ထုတ်လုပ်မှုစီမံကိန်း ပြန်စဖို့ စစ်ကောင်စီကပြင်ဆင်နေပါတယ်။
နေပူတောင်ဒေသမှာရှိတဲ့ အဲဒီမာဘယ်ကျောက်တွေကို ထုတ်လုပ်ဖို့ ဗီယက်နမ်နိုင်ငံက SIMCO Song Da Joint Stock ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုနေပြီး လုပ် ငန်းအကောင်အထည်ဖော်နိုင်ဖို့အတွက်လည်း စစ်ကောင်စီလက်အောက်ခံ သယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဘက်က လေးဦးနဲ့ ကုမ္ပဏီဘက်က လေးဦး ပါဝင်တဲ့ ကော် မတီတစ်ရပ်ကိုနိုဝင်ဘာ(၂၅) ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။
ဒီစီမံကိန်းဟာ ဒေသခံပြည်သူတွေအတွက် အကျိုးတစ်စုံတစ်ရာမရှိဘဲ နစ်နာမှုတွေသာရှိတဲ့ စီမံကိန်းဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီဟာ ဒေသခံတွေရဲ့ နစ်နာမှုကို ဥပေက္ခာပြုကာ သူတို့ရဲ့ဝင်ငွေရလမ်းတစ်ခုတည်းအတွက် လုပ်နေတာဖြစ်တယ်လို့ ဒေသ ခံတွေနဲ့သယံဇာတအရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
“ရခိုင်လူထုအတွက် ဘာမှ အကျိုးခံစားခွင့်မရှိတဲ့ စီမံကိန်းမှာ ရခိုင်တွေရဲ့ အရင်းအမြစ်တွေကို ဆုံးရှုံးခဲ့တဲ့ လုပ်ငန်း တွေကို ပြန်ပြီးတော့ အသက်သွင်းတယ်ဆိုတော့ ပိုပြီးတော့ ဆုံးရှုံးမှုတွေကို ဦးတည်ပါတယ်၊ ဒီစီမံကိန်းမှာ ရခိုင် တွေ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ဘာမှ မပါပါဘူး၊ရခိုင်က အရင်း အမြစ်တွေ ဆုံးရှုံးတာပဲ ရှိပါတယ်”လို့ သ ယံဇာတအရေး တက်ကြွလှုပ်ရှားသူတစ်ဦိးက ပြောပါတယ်။
ပြည်သူတွေအနေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်တွေစွန့်ခွာတိမ်းရှောင်နေရပြီးမလုံခြုံတဲ့အခြေအနေမျိုးမှာ အခုလိုမျိုးစီမံကိန်းတွေ စတင်ဖို့ကြိုးပမ်းလာတာဟာ ဆိုးရွားတယ်လို့လည်း သူက ဆိုပါတယ်။ စီမံကိန်းတစ်ခုလုပ်ဖို့အတွက်ဒေသခံတွေရဲ့ သဘောထားကို ထည့်တွက်ဖို့လိုပြီး ကိုယ့်သဘောနဲ့ကိုယ် လုပ်တယ်ဆိုတာဟာ အာ ဏာရှင်တွေရဲ့ လုပ်ရိုးလုပ်စဉ်တွေပဲဖြစ်တယ် လို့လည်း
ဒေသခံတွေကထောက်ပြကြပါတယ်။
တောင်ကုတ်ဒေသခံတစ်ဦးကလည်း ဒီနေပူတောင်စီမံကိန်းဟာ ဒေသခံတွေအတွက်ရော ရခိုင်ပြည် နယ်အတွက်ပါ အကျိုးမရှိဘဲ ဒေသအတွက် သယံ ဇာတဆုံးရှုံးသာရှိတဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
နေပူတောင်မှာရှိတဲ့ သက်တမ်းရင့် အလှဆင် မာဘယ်ကျောက်တွေကို ထုတ်လုပ်ရောင်းချခြင်းမပြုဘဲ ခရီးသွား တွေကို အခကြေးငွေနဲ့ လာရောက်ကြည့်ရှုလည်ပတ်ဖို့ စီစဉ်ပေးမယ်ဆိုရင် ဒေသခံတွေအတွက် အကျိုးရှိမယ်လို့ သယံဇာတအရေးလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက ပြောထားကြပါတယ်။
မြန်မာအစိုးရဟာ ဒီစီမံကိန်းကို ဗီယက်နမ်ကုမ္ပဏီဖြစ်တဲ့ Myanmar Simco Song Da Joint Stock အား ၂၀၁၂ က နေ နှစ်ပေါင်း ၂၀ အထိ ထုတ်လုပ်ခွင့် ရောင်းချထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အရပ်သားအစိုးရကာလတွေအတွင်း အဲ့ဒီစီမံကိန်းဆက်မလုပ်ဖို့ ကန့်ကွက်ဆန္ဒပြတာ၊လွှတ်တော်တွင်းမှာ မေးမြန်းဆွေးနွေးတာတွေကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ပါတယ်။
NLDအစိုးရလက် ထက် ၂၀၁၈ ခုနှစ်မှာတော့ အစိုးရနဲ့ စီမံကိန်းလုပ်ခွင့်ရ ကုမ္ပဏီတို့ စာချုပ်ဖျက်သိမ်းပြီး အဲ့ဒီ စီမံကိန်းကို အပြီးပိတ်သိမ်းခဲ့တာပါ။
အာဏာသိမ်းစစ်ကောင်စီဟာ ဒီနေပူတောင်စီမံကိန်းအပြင် ရခိုင်မှာ တရုတ်က လုပ်ခွင့်ရထားတဲ့ ကျောက်ဖြူရေ နက်ဆိပ်ကမ်းစီမံကိန်းကိုလည်း စတင်အကောင်အထည်ဖော်ဆောက်လုပ်ဖို့အတွက် ပြင်ဆင်နေတယ်လို့ ဒေသခံ တွေက ပြောကြပါတယ်။