အတုအယောင် ရွေးကောက်ပွဲသည် နိုင်ငံတည်ငြိမ် အေးချမ်းမှုအတွက် အဖြေမဟုတ်  

တစ်နိုင်ငံလုံးမှာ အရှုပ်အထွေးတွေ ဖြစ်ပေါ်နေတဲ့အချိန် အာဏာသိမ်း မြန်မာ စစ်ဗိုလ်ချုပ်တွေက ရွေးကောက်ပွဲ ကျင်းပဖို့ စဉ်းစားနေပါတယ်။ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ အဲဒီရွေးကောက်ပွဲရဲ့ ရလဒ်ကြောင့် အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက် အလွဲအမှားမျိုးကို ရှောင်ကြဉ်ဖို့တော့ လိုပါတယ်။

 ထွက်ပေါ်လာတဲ့ ရလဒ်တွေက ဒီမိုကရေစီ နည်းလမ်းနဲ့ ကိုက်ညီဖို့ မဖြစ်နိုင်မှန်း သေချာသလောက် ရှိနေပေမယ့် အာဏာသိမ်း မြန်မာစစ်တပ် ခေါင်းဆောင်ကတော့ လာမယ့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေနဲ့ ပတ်သက်လို့ တတွတ်တွတ် ပြောကြားနေဆဲ ဖြစ်ပါတယ်။ မင်းအောင်လှိုင်က ဒီကိစ္စကို သဘောထား အမှန်နဲ့ အားထည့် လုပ်ဆောင်နေတယ် ဆိုရင်တောင်မှ (ဒါပေမဲ့ သူ့သဘောထားက မမှန်ကန်ပါဘူး) မြန်မာ့ နိုင်ငံရေးနဲ့ လုံခြုံရေး တိုးတက်ပြောင်းလဲမှု အတွက်တော့ ကန့်သတ်မှုတွေ၊ ဖုံးကွယ်မှုတွေ ရောပြွန်းတဲ့ ရလဒ်မျိုးသာ ဖြစ်နေနိုင်ပါတယ်။ ဒီတော့ အာဏာရှင် စစ်ကောင်စီ အကြီးအကဲက ရွေးကောက်ပွဲကြောင့် စစ်ကောင်စီမှာ တကယ်တမ်း အကျိုးကျေးဇူး ရှိမလား ဆိုတာကို သေချာစဉ်းစားနေဆဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ ကိုယ့်ကိုယ်ကိုယ် သမ္မတအဖြစ် တင်မြှောက်ပြီး စစ်တပ်ကြီးစိုးမှုကို ခိုင်မာ အားကောင်းစေမယ့် အတုအယောင် လုပ်ငန်းစဉ် တစ်ခုအတွက် အခြေခံ အုတ်မြစ် ခိုင်မာအောင် ကြံဆောင်နေပြန်တယ်။ ပုံမှန်ဆိုရင်တော့ အဆိုပြု မဲပေးမှုတွေကသာ နိုင်ငံ တည်ငြိမ် အေးချမ်းမှုနဲ့ ဒီမိုကရေစီ အစိုးရတစ်ရပ် တင်မြှောက်နိုင်မှုတွေအတွက် လက်တွေ့အကျဆုံး လမ်းကြောင်းတွေအဖြစ် နိုင်ငံတကာက ရှုမြင်ကြပါတယ်။ ဒါပေမဲ့ အခုကိစ္စမှာတော့ အဲဒီအတိုင်း သွားမျှော်လင့်ရင် အကြီးအကျယ် လမ်းလွဲသွားပါလိမ့်မယ်။

 

မင်းအောင်လှိုင်က ပြည်တွင်းရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ် ဆိုတာမျိုး လေသံလွှင့်နေပြန်ပါတယ်။ တစ်ဖက်မှာတော့ အပြောတစ်မျိုး အလုပ်တစ်မျိုးဆိုသလို စစ်တပ်ရဲ့ လေကြောင်းက ဗုံးကြဲမှုတွေကြောင့် နိုင်ငံအနှံ့မှာ အခြေခံ အဆောက်အအုံတွေ အပါအဝင် ပျက်စီးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ပြီးတော့ ပြည်သူအများစုရဲ့ သဘောဆန္ဒကို ငြင်းပယ်ထားခြင်းကလည်း စစ်တပ်ရဲ့ အပြောနဲ့ လုပ်ရပ် မညီတဲ့ အခြေအနေ နောက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ နောက်တစ်ချက်က စစ်ကောင်စီ အဆိုပြုထားတဲ့ သတ်မှတ် ကာလအတွင်း ရွေးကောက်ပွဲတွေ ကျင်းပမယ် ဆိုပြန်ရင်လည်း စစ်တပ်ရဲ့ တင်းကျပ်တဲ့ အုပ်ထိန်းမှုအောက်မှာ ရှိနေမယ့် နိုင်ငံရဲ့ အစိတ်အပိုင်း တချို့လောက်မှာသာ အထမြောက်နိုင်ပါတယ်။

 

စကားကို နှစ်ခွပြောထားပြီး လမ်းကြောင်းနှစ်ခု စီစဉ်ထားဟန်ရှိတဲ့ မင်းအောင်လှိုင်ဟာ သူ့ရဲ့ ဆရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လုပ်ပုံလုပ်နည်းတွေကို ပြန်မှီငြမ်းထားပါတယ်။ သန်းရွှေ လက်ထက်တုန်းက နိုင်ငံတကာ ဖိအားတွေကို လျှော့ချဖို့နဲ့ အတိုက်အခံ အင်အားစုတွေကြားမှာ သွေးထိုးဖို့ ၂၀၁၀ ရွေးကောက်ပွဲကို အသုံးချခဲ့ဖူးတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ကတော့ သန်းရွှေထက်တောင် အကြံကြီးပုံရပါတယ်။ အဓိက ပြိုင်ဘက် ဒီမိုကရေစီ အင်အားစုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကို အစိတ်စိတ် အမြွှာမြွှာ ဖြိုဖျက်ပြီး စစ်တပ် အဆက်အနွှယ် ပါတီတစ်ခုအတွက် အောင်ပွဲခံ စင်မြင့်အနေနဲ့ ပြင်ဆင်ပေးမယ့် ရွေးကောက်ပွဲမျိုး ဖြစ်လာအောင် သူက ရည်ရွယ်နေတယ်။ တစ်ချိန်တည်းမှာပဲ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ၊ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ တော်လှန်ရေးမှာ ပူးပေါင်း မသွားအောင်လို့ စစ်တပ်ရဲ့ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ပေးပါ့မယ်လို့ မက်လုံးပေးထားပြန်တယ်။

 

ဒီလိုတွေ ဖြစ်နေတာတောင် နိုင်ငံတကာ အသိုက်အဝန်းက တော်တော်များများဟာ စစ်ကောင်စီ အဆိုပြုထားတဲ့ ရွေးကောက်ပွဲတွေကနေ အပေါင်းလက္ခဏာဆန်တဲ့ အလားအလာတွေ ရှိလာမယ်လို့ ယူဆနေကြတယ်။ ဒီတော့ မေးခွန်းထုတ်ရမှာက အစောပိုင်းမှာ ပြောထားတဲ့ အနေအထားမျိုးတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုကို ဘယ်လို စီစဉ် ကျင်းပနိုင်မလဲ ဆိုတာပါပဲ။

 

ကျွန်တော်တို့ရဲ့ အမြင်အရတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြန်လည် တည်ငြိမ်လာဖို့ တကယ့် မျှော်လင့်ချက် အစစ်က တော်လှန်ရေး အင်အားစုတွေ လိုလားပြီး မြန်မာပြည်သူ အများစုက ထောက်ခံကြိုဆိုကြတဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ်မှာသာ ကိန်းအောင်းနေမှာ ဖြစ်ပါတယ်။ ဒီလို စနစ်မျိုး အမှန်တကယ် အသက်ဝင်လာဖို့ဆိုရင် နိုင်ငံတကာ ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံက ကျားကုတ်ကျားခဲ ကြိုးစားနေတဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကို ထောက်ခံအားပေးကြဖို့ လိုပါတယ်။ ဒီကိစ္စက ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ရွေးကောက်ခံ ဒီမိုကရေစီ အစိုးရတစ်ရပ် ပြန်ပေါ်ထွန်းလာပြီး တည်ငြိမ်အေးချမ်းမှု တည်ဆောက်နိုင်ဖို့ဆိုရင် ဒီတစ်နည်းတည်းကသာ အမြင်သာဆုံးနဲ့ အစစ်မှန်ဆုံး ဖြစ်ပါတယ်။

 

ရွေးကောက်ပွဲ စည်းမျဉ်းများကို ခြယ်လှယ်ကြိုးကိုင်ခြင်းနှင့် အခြားပိတ်ဆို့မှုများ

 

ဒီမိုကရေစီနဲ့ ညီညွတ်တဲ့ ရွေးကောက်ပွဲမျိုး မဖြစ်နိုင်အောင် စစ်အာဏာရှင်က ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားတဲ့ အတားအဆီးတွေဟာ ကျော်လွှားဖို့ မဖြစ်နိုင်သလောက်ပါပဲ။ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ စစ်တပ် ထိန်းချုပ်ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) အနိုင်ရတာ သေချာအောင် ကြိုးကိုင်စီမံခဲ့တဲ့ ပုဂ္ဂိုလ်ကပဲ ဦးဆောင်နေပါတယ်။

 

နောက်ပြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းတွေမှာ အချိုးကျ ကိုယ်စားလှယ် သတ်မှတ်တဲ့ စနစ်မျိုး ပြောင်းလဲသွားမယ်လို့ တိုင်းရင်းသား အဖွဲ့အစည်းတွေဆီ ကမ်းလှမ်းထားတယ်။ ဒီစနစ်အရ ပါတီငယ်တွေဟာ သက်ဆိုင်ရာ ကိုယ်စားပြု နယ်မြေမှာ အနိုင်ရဖို့ ပိုလွယ်ကူသွားပါတယ်။ ဒါပေမဲ့ ဒီအပြောင်းအလဲကို အကောင်အထည် ဖော်ဖို့ဆိုတာက ရွေးကောက်ပွဲ မတိုင်ခင် လုပ်ဆောင်မှာလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲ အပြီးမှ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးအတွက် အကောင်အထည် ဖော်မလား ဆိုတာကိုလည်း စောင့်ကြည့်ရပါဦးမယ်။

 

သူ့ရဲ့ အာဏာစက် တည်မြဲရေးအတွက် မင်းအောင်လှိုင် လုပ်ဆောင်နေတဲ့ အရေးအကြီးဆုံး ကိစ္စ နောက်တစ်ခုကတော့ အဓိက အတိုက်အခံပါတီ NLDကို အစိတ်စိတ် အမြွှာမြွှာ ဖြိုခွင်းနိုင်ဖို့ ဖြစ်ပါတယ်။ အခုဆိုရင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စွဲချက်ပေါင်းစုံနဲ့ တရားစွဲဆိုပြီး​ အကျဉ်းချ ခံထားရပါတယ်။ စစ်ကောင်စီ အလိုအတိုင်း စီရင်ဆုံးဖြတ်နေတဲ့ တရားရုံးတွေဆီက စွဲချက်တွေအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ကျန် ဘဝသက်တမ်းတလျှောက် အကျဉ်းထောင်ထဲမှာ နေသွားရမယ့် အဓိပ္ပါယ်ပါပဲ။ နောက်ထပ် NLD ထိပ်တန်း အရာရှိ တော်တော်များများလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တူညီတဲ့ ကံကြမ္မာမျိုး ကြုံတွေ့နေရပြီး ပါတီဝင် အများအပြားဟာ စစ်ကောင်စီ လက်ပါးစေ စစ်တပ်ရဲ့ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ခံနေရပါတယ်။

 

NLDရဲ့ လက်ကျန် အစုအဖွဲ့တွေ အနေနဲ့လည်း တော်လှန်ရေးအရှိန် မြင့်တက်လာတဲ့ အနေအထားမှာ စစ်ကောင်စီ ကြီးမှူးတဲ့ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ပါဘူး။ နောက်ပြီး ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLA)တို့လို တိုင်းရင်းသား ဒီမိုကရေစီ ပါတီကြီးတွေကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်မပါဘူးလို့ သံန္နိဋ္ဌာန် ချထားကြပြန်ပါတယ်။ ဒီအခြေအနေတွေ အားလုံးက စစ်တပ် လက်ဝေခံ ပါတီတစ်ခုပဲ ရွေးကောက်ပွဲမှာ အသာစီးရဖို့ လမ်းရှင်းပေးထားပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တက်ကြွလှုပ်ရှားသူတွေ မပါတဲ့ လွှတ်တော်မျိုးသာ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။

 

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာ လေ့လာသူတွေ သေချာပေါက် စောင့်ကြည့်သင့်တဲ့ နောက်ထပ် ကိစ္စတစ်ခုကတော့ အသစ်စက်စက် အငြိမ်းစား စစ်ဗိုလ်ချုပ်တွေက ပါတီထိပ်ပိုင်း ရာထူးတွေကို ရယူပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် ကိစ္စပါပဲ။ ပြီးတော့ သေချာပေါက် အနိုင်ရလိမ့်မယ်ဆိုတာ သံသယရှိဖို့ မလိုပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန် ကျရင်တော့ အဲဒီ အငြိမ်းစား ဗိုလ်ချုပ်တွေဟာ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ ပြည်သူတွေ ဆိုးဆိုးရွားရွား သေကြေပျက်စီးခဲ့တဲ့ ဖြစ်စဉ်မှာ သူတို့ရဲ့ ဆက်နွှယ် ပါဝင်မှုတွေအတွက် ပြစ်မှုထင်ရှားကြောင်း နိုင်ငံတကာ ခုံရုံးမှာ ဖော်ထုတ်ကောင်း ဖော်ထုတ်လာနိုင်လောက်ပါတယ်။

 

အနာဂတ် ဆူပူမှုတွေ၊ မတည်ငြိမ်မှုတွေအတွက် ဓာတ်ကူပစ္စည်း

 

တကယ်လို့ စစ်ကောင်စီက သူတို့ အဆိုပြုထားတဲ့အတိုင်း ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ မဖြစ်မနေ လုပ်ခဲ့မယ်ဆိုရင် တိုင်းပြည်က ကသောင်းကနင်း အခြေအနေတွေကြားမှာ ဆက်ပြီး နစ်မွန်းနေပါလိမ့်မယ်။ လက်နက်ကိုင် အဖွဲ့အစည်း အများကြီးက မြန်မာစစ်တပ်ရယ်၊ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်တွေနဲ့ အတိအလင်း စစ်ခင်း တိုက်ခိုက်နေပါတယ်။ စစ်ကောင်စီ အရာရှိကြီးတွေနဲ့ စစ်ကောင်စီကို အားပေး ထောက်ခံသူတွေဟာ တော်လှန်ရေး အင်အားစုတွေရဲ့ ပစ်မှတ်အဖြစ် ဆက်ရှိနေမယ်ဆိုတာ သံသယဝင်ဖို့ မလိုပါဘူး။ ဒီတော့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် သူတို့ကိုယ်တိုင်အပြင် ရွေးကောက်ပွဲဆိုင်ရာ အရာရှိတွေ၊ လွှတ်တော်အမတ် အရွေးခံမယ့် သူတွေပါ ပစ်မှတ်အဖြစ် ရောနှော ပါဝင်လာနိုင်ပါတယ်။ ဒီဖြစ်နိုင်ခြေတွေကြောင့်ပဲ ရွေးကောက်ပွဲ ကျင်းပမယ့် နေရာတွေကို သီးသန့်ပိုင်း​ခြား ရွေးချယ်ဖို့ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းအတွက် တွန်းအား ဖြစ်လာနိုင်ပါတယ်။

 

မင်းအောင်လှိုင်က ၁၉၅၂ ခုနှစ်က ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ပုံစံကို ပြန်သုံးကြည့်ဖို့ စဉ်းစားကောင်း စဉ်းစားနေပါလိမ့်မယ်။ အဲဒီ အချိန်က နိုင်ငံအနှံ့ မတည်ငြိမ်မှုတွေကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ အင်အားကောင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ဟာ သူတို့ရဲ့ ပြည်နယ်တွေကို နိုင်နိုင်နင်းနင်း ထိန်းချုပ်ထားတာကြောင့် တစ်နိုင်ငံလုံးအဆင့် ကျင်းပလိုတဲ့ ရွေးကောက်ပွဲကို ငြင်းပယ်မယ့် အရိပ်အယောင်တွေ ပြသခဲ့ပါတယ်။ အဲဒါကိုမှ ဇွတ်တိုးမယ်ဆိုရင် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကြား တိုက်ပွဲတွေ ပိုပြင်းထန်လာမယ့် အလားအလာက ရှောင်လွှဲလို့ မရတော့ပါဘူး။ ခြုံပြောရရင်တော့ စစ်ကောင်စီ အဆိုပြုထားတဲ့ ရွေးကောက်ပွဲကို ဇွတ်လုပ်ရင် ပိုပြီး ဆိုးရွားတဲ့ မတည်ငြိမ်မှုတွေဆီ ဦးတည်သွားပါလိမ့်မယ်။

 

တကယ်လို့ စစ်တပ်ကို နေရာပေးတဲ့ လွှတ်တော်အသစ် တစ်ခု ပေါ်ထွန်းလာအောင် ရွေးကောက်ပွဲကို ပုံစံ တစ်မျိုးမျိုးနဲ့ ကျင်းပခဲ့မယ်ဆိုရင် စစ်တပ်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေကတော့ သူတို့အတွက် ဘေးကင်းလုံခြုံတဲ့၊ မြန်မာနိုင်ငံရဲ့ သီးခြားမြို့တော် နေပြည်တော်မှာပဲ အခြေစိုက်ပြီး ဝင်ရောက် ယှဉ်ပြိုင်ပါလိမ့်မယ်။ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ရွေးကောက်ပွဲအတွက် အဆိုပြုထားတဲ့ အချိန် မတိုင်ခင် နေပြည်တော်ကို သိမ်းပိုက်နိုင်မယ့် အရိပ်အယောင်မျိုးလည်း မတွေ့ရသေးပါဘူး။ ဒါပေမဲ့လည်း စစ်တပ်က အကြမ်းဖက် နည်းလမ်းတွေကို အသုံးပြုပြီး ပြည်သူလူထုကို ဦးချိုးဖို့ လုပ်ဆောင်လေလေ၊ တော်လှန်ရေး အဖွဲ့တွေက အင်အားပိုတောင့်တင်းပြီး လူထုထောက်ခံ ယုံကြည်မှုကို ရရှိလာလေလေ ဖြစ်ပါတယ်။ မကြာသေးခင်က ကချင်ပြည်နယ်မှာ ငြိမ်းငြိမ်းချမ်းချမ်း စုဝေးနေသူတွေကို စစ်တပ်က အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့နောက် အဓိက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ကြီးတွေနဲ့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေက စစ်ကောင်စီကို အပြီးတိုင် ဖြုတ်ချဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း တစ်သံတည်း ထွက်လာတာက သက်သေပါပဲ။

 

နိုင်ငံတကာ စိုးရိမ်မှုတွေရဲ့ ရင်းမြစ်များ

 

နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုတွေ ပြန်လည် တည်ဆောက်နိုင်ရေးကို အပြည့်အဝ အားပေး ထောက်ခံကြမှာပါပဲ။ အခုဆိုရင် မြန်မာနိုင်ငံရဲ့ ဂယက်ဟာ ဒေသတွင်း အိမ်နီးချင်းတွေကိုပါ သက်ရောက်မှုတွေ ရှိလာနေပါပြီ။ ဒီမိုကရေစီ အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက မြန်မာနိုင်ငံဟာ ကဏ္ဍပေါင်းစုံမှာ ဆုတ်ယုတ် ယိုယွင်းသွားခဲ့ပါတယ်။ နယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးတဲ့ ဒုက္ခသည်တွေ အများအပြား ရှိလာပြီး စစ်ကောင်စီကလည်း နိုင်ငံကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်စွမ်း ကင်းမဲ့နေပါတယ်။ အရင်က ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေရဲ့ အကျိုးကျေးဇူး ရရှိထားတဲ့ စီးပွားရေး တိုးတက်မှုအားလုံး နောက်ပြန်ဆုတ်သွားတယ်။ ဒါ့အပြင် အတိုက်အခံတွေနဲ့ ပူးပေါင်းတဲ့ လူ့အဖွဲ့အစည်း အားလုံးကိုလည်း စစ်တပ်က ရက်ရက်စက်စက် ချေမှုန်း ဖြိုခွင်းနေပြန်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက တစ်စထက်တစ်စ ဆုတ်ယုတ်လာနေပြီး လက်ရှိ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပတ်ဝန်းကျင်ကလည်း ရန်လိုခက်ထန်နေတာကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ဝင်ရောက်လာမယ့် အလားအလာ မရှိပြန်ဘူး။ မြန်မာပြည်သူတွေဟာ ငတ်မွတ်မှု၊ ဆင်းရဲကျပ်တည်းမှု၊ ရောဂါဘယ ထူပြောမှုနဲ့ အထွေထွေ အခက်အခဲတွေရဲ့ လွှမ်းမိုးဖိစီးမှုကို ခံစားနေရတယ်။ စစ်ကောင်စီဟာ တကယ်တမ်း လိုအပ်နေသူတွေဆီ ထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့တဲ့ အစီအမံတွေကိုပါ ရက်ရက်စက်စက် တားဆီး ပိတ်ဆို့ထားပြန်ပါသေးတယ်။

 

အာဏာသိမ်းမှုအလွန်မှာ ဒေသတွင်း နိုင်ငံတွေအတွက် ပိုပြီး စိုးရိမ်လာရတဲ့ နောက်ထပ် ပြဿနာကြီး တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ မြန်မာနိုင်ငံ အရှေ့ဖက်က တရားဥပ​ဒေ သက်ရောက် စိုးမိုးမှု အားနည်းတဲ့ နယ်စပ်ဒေသတွေမှာ အုပ်စုဖွဲ့ လှုပ်ရှားတဲ့ ဒုစရိုက်ဂိုဏ်းတွေ ပိုမို အားကောင်းလာခြင်းပါပဲ။ အရင်က တောမြို့ သေးသေးလေးတွေဟာ အမျိုးမျိုးသော ရာဇဝတ်ဂိုဏ်းတွေအတွက် ပြည့်စုံကုံလုံတဲ့ မြို့ပြတွေအသွင် ပြောင်းလာတယ်။

 

အစိုးရဩဇာ သက်ရောက်နိုင်စွမ်း အားနည်းတဲ့ နေရာတွေမှာ တရားမဝင် လောင်းကစားမှုတွေ၊ ဒစ်ဂျစ်တယ်ငွေကြေး အခြေပြု ငွေကြေး ခဝါချမှုတွေ၊ နိုင်ငံတကာထိ ကွန်ရက်ဖြန့်ကျက်တဲ့ လိမ်လည်မှုတွေ ခြေကုပ်အားကောင်းလာတယ်။ ပတ်ဝန်းကျင် နိုင်ငံတွေက လူငယ်လူရွယ်တွေပါ သွေးဆောင် သိမ်းသွင်း ခံရပြီး ရာဇဝတ်ဂိုဏ်းတွေရဲ့ ချုပ်နှောင် ဖမ်းဆီးမှုတွေ ခံနေရပါတယ်။ ဒီဖြစ်ရပ်တွေက မြန်မာနိုင်ငံမှာ နောက်ထပ် စစ်အစိုးရတစ်ရပ် အုပ်စိုးတဲ့အခါ ဘာတွေ ကြုံလာမလဲ ဆိုတဲ့အပေါ် ခိုင်မာတဲ့ အမြင်တစ်ခု ထင်ဟပ်စေပါတယ်။

 

အတိုက်အခံတွေရဲ့ ဖက်ဒရယ် ဒီမိုကရေစီ အစီအမံ

 

မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ တော်လှန် ပုန်ကန်မှုတွေဟာ အရင်ကလိုမျိုး စစ်တပ်က အလွယ်တကူ ထိန်းချုပ်လို့ ရနိုင်တဲ့ အနေအထား မဟုတ်ပါဘူး။ အရင်တုန်းကဆိုရင် လူများစုက ရှေ့လျှောက် ဘာတွေ ဖြစ်လာမလဲ ဆိုတာ မရေရာတဲ့ အခြေအနေမျိုးအတွက် စွန့်စားမယ့်အစား လက်ရှိ အခြေအနေကိုပဲ ရွေးချယ်လေ့ ရှိပါတယ်။ ဒီတစ်ချီမှာတော့ လူငယ်တွေက လွတ်လပ်မှုရဲ့ အရသာနဲ့ ဒီမိုကရေစီ အစိုးရ တစ်ခုက ပေးစွမ်းနိုင်မယ့် အခွင့်အလမ်းတွေကို ကောင်းကောင်း နားလည် သဘောပေါက်သွားကြပါပြီ။ လူငယ်ထုက ငြင်းဆန်ရုံ သက်သက်မဟုတ်ဘဲ တချို့တွေဟာ စစ်ရေးအရ တုံ့ပြန် တိုက်ခိုက်တဲ့ အဆင့်ထိ ရောက်လာတယ်။ မျိုးဆက်ဟောင်းတွေကလည်း လူငယ်တွေရဲ့ တော်လှန်ရေးအတွက် ရွေးချယ် ပိုင်းဖြတ်မှုကို အင်တိုက်အားတိုက် ထောက်ခံတယ်။ စစ်ကောင်စီက ပုံဖော်ဖန်တီးထားတဲ့ ရွေးကောက်ပွဲတွေက ဒီလို တော်လှန်မှုမျိုးကို ငြှိမ်းသတ်နိုင်မှာ မဟုတ်ဘူး။

 

ဒီတော့ စစ်အစိုးရ အုပ်ချုပ်မှုဆီ ပြန်သွားတာဟာ တည်ငြိမ်အေးချမ်းမှု လမ်းကြောင်းပေါ် ရောက်ရှိမှာ မဟုတ်ဘူးဆိုရင် အများစု ထောက်ခံတဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းထူထောင်တာကရော နိုင်ငံကို ပြန်လည် တည်ငြိမ်စေမှာလား။ ဒီမေးခွန်းအတွက် အဖြေကတော့ နွေဦးတော်လှန်ရေးလို့ နာမည်တပ်ထားတဲ့ တော်လှန်ရေး အင်အားစုတွေက မောင်းနှင်နေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရေး အစီအမံတွေမှာ ကိန်းအောင်း တည်ရှိနေပါလိမ့်မယ်။ ကွဲပြားမှုတွေ ရှိနေမယ် ဆိုရင်တောင် ဒီအစီအမံရဲ့ အနှစ်ချုပ်ကတော့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး လုပ်ပိုင်ခွင့် အာဏာတွေကို ကွဲပြားတဲ့၊ စုံလင်တဲ့ ပြည်သူလူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးနိုင်မယ့် ဖက်ဒရယ် ပြည်ထောင်စုရဲ့ အခြေခံမူတွေ ခိုင်မာလာစေရေးပဲ ဖြစ်ပါတယ်။

 

 ဒီအစီအမံက အဦးအစ အဆင့်လောက်မှာသာ ရှိသေးပေမယ့် မြန်မာနိုင်ငံ သမိုင်းကြောင်းမှာတော့ ပြည်သူတစ်ရပ်လုံးက တူညီတဲ့ ရည်မှန်းချက်တွေအတွက် ပေါင်းစည်းဖို့ ကြိုးစားလာတဲ့ ပထမဆုံး အားထုတ်မှုလို့ ဆိုနိုင်ပါတယ်။ သမိုင်းတလျှောက် မြန်မာစစ်တပ်ဟာ တိုင်းရင်းသားတွေကြားက သွေးကွဲမှုနဲ့ အမုန်းတရားတွေကို ကောင်းကောင်း အသုံးချပြီး သူတို့ရဲ့ အာဏာစက် မြဲမြံစေမယ့် အခွင့်အရေးအဖြစ် ပြောင်းလဲယူခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းမှုအပြီး တိုင်းရင်းသားပေါင်းစုံ စုပေါင်းပါဝင်တဲ့ ခုခံတွန်းလှန်မှုတွေကတော့ အဲဒီ ဆိုးမွေကို ကျော်လွှားနိုင်ခဲ့ပြီး အမေရိကန် နိုင်ငံ ထူထောင်သူတွေ သုံးနှုန်းပြောဆိုခဲ့ဖူးတဲ့ စုံလင်ကွဲပြားမှု၊ တန်းတူညီမျှရှိမှု၊ လူမျိုးစု ပေါင်းစုံမှုနဲ့ ရွေးကောက်ခံ စနစ်နဲ့ အုပ်ချုပ်မှုတွေ ပါဝင်တဲ့ “ပိုမိုပြည့်စုံတဲ့ ပေါင်းစည်းမှု” တစ်ခုကို ဖော်ဆောင်လာတာ ဖြစ်ပါတယ်။

 

အတိတ်က ကြုံခဲ့ဖူးတဲ့ ဖိနှိပ်မှုတွေနဲ့ အမြင်ကွဲပြားမှုတွေကို ဖြေရှင်းရတဲ့ ကိစ္စဟာ အခက်အခဲတွေ အများကြီး ကြုံလာနိုင်တယ်ဆိုတာ သံသယ မရှိပါနဲ့။ ဒါပေမဲ့ အဲဒီ လုပ်ငန်းစဉ်တွေကပဲ စစ်အာဏာရှင်တွေကို အသက်ပေး တွန်းလှန်နေသူတွေက စံသတ်မှတ် အကောင်အထည်ဖော်ရမယ့် မစ်ရှင်တွေ ဖြစ်ပါတယ်။ သူတို့ကို ထောက်ခံ အားပေးကြရပါမယ်။

 

နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ မြန်မာနိုင်ငံ ပြန်လည် တည်ငြိမ် အေးချမ်းရေးအတွက် မင်းအောင်လှိုင် စိတ်တိုင်းကျ ပရိယာယ်ဆင် ရေးဆွဲထားတဲ့ ရွေးကောက်ပွဲမျိုးနဲ့ ခြယ်လှယ်သွားမှာကို ခွင့်မပြုသင့်ပါဘူး။ အဲဒီအစား တော်လှန်ရေး လှုပ်ရှားမှုတွေနောက်မှာ မြဲမြဲမြံမြံ အားပေး ရပ်တည်ပြီး အားကောင်းပြီး လက်တွေ့ကျတဲ့ ပံ့ပိုးမှုတွေ၊ လမ်းညွှန်မှုတွေကို ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ ဖြည့်တင်းပေးရပါမယ်။ တရားမျှတတဲ့ ရည်မှန်းချက် တစ်ခုအတွက် နိုင်ငံတကာ စုစည်းမှု အင်အားကို ယူကရိန်း အရေးနဲ့အတူ ပြသခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံ အတွက်လည်း ဒီအခြေအနေမျိုးက ကောင်းကောင်းကြီး အလုပ်ဖြစ်ပါလိမ့်မယ်။

 

(United States Institute of Peace မှ Visiting Scholar ဦးရဲမျိုးဟိန်းနှင့် Priscilla Clapp တို့၏ In Myanmar, Sham Elections Aren’t the Path to Stability ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်။)