DW သတင်းဌာနရဲ့ အာရှရေးရာ အယ်ဒီတာ ရိုဒီယွန် အက်ဘီဟော်ဆန်က “မြန်မာ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဟာ မှားယွင်းတဲ့ ပစ်မှတ်ကို ဦးတည် ထိုးနှက်နေတယ်”လို့ သူ့ရဲ့ အတွေးအမြင် အာဘော်တစ်ခုမှာ ရေးသားထားပါတယ်။ “မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူတွေနဲ့ လူမှုအသင်းအဖွဲ့တွေဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ အထူးသဖြင့် ကုလသမဂ္ဂကို အွန်လိုင်းကနေ ဝေဖန် တိုက်ခိုက်နေကြပါတယ်။ ဒါဟာ ပစ်မှတ် လွဲနေတာပါပဲ”လို့ DWရဲ့ ဆောင်းပါးတစ်ခုမှာ အက်ဘီဟော်ဆန် ရေးထားတာ တွေ့ရပါတယ်။
ကုလသမဂ္ဂ အေဂျင်စီတွေအပေါ် အက်ဘီဟော်ဆန်ရဲ့ ကာကွယ်ရပ်တည်ချင်တဲ့ သဘောထားက ဘာကြောင့် မှားယွင်းနေသလဲ ဆိုတာရယ်၊ ဒီအဖွဲ့အစည်းတွေဟာ ပြည်သူလူထုရဲ့ ငြိုငြင်မှုတွေ၊ ဝေဖန်မှုတွေနဲ့ ဘာကြောင့် ထိုက်တန်သလဲ ဆိုတာရယ်ကို ကျွန်တော် ခပ်မြန်မြန်ပဲ တုံ့ပြန် မှတ်ချက် ပေးပါရစေ။
အက်ဘီဟော်ဆန် မျက်စိလျှမ်းသွားဟန် ရှိတာတစ်ချက်က ကုလသမဂ္ဂရဲ့ ဘယ်အေဂျင်စီကမှ တရားဝင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုး မထားကြပါဘူး။ NUGက အရပ်သား ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ လိုက်သတ်နေတဲ့၊ မြေလှန်ဖျက်ဆီးတာတွေ လိုက်လုပ်နေတဲ့သူတွေ မဟုတ်ဘူးလေ။
ဒါပေမဲ့ ကုလသမဂ္ဂနဲ့ ဆက်စပ်တဲ့ အေဂျင်စီ အားလုံးလိုလို (OCHA၊ UNICEF၊ ICRC၊ FAOနဲ့ IOM)တို့ဟာ တရားမဝင် အာဏာသိမ်းယူထားတဲ့၊ ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ၊ စနစ်တကျ သတ်ဖြတ်ပြီး အကြမ်းဖက်နေတဲ့၊ မြေလှန်ရှင်းလင်းနေတဲ့ အဓမ္မသမားတွေနဲ့ကျတော့ နားလည်မှု စာချွန်လွှာတွေ အပြိုင်အဆိုင် လက်မှတ်ထိုးနေကြတာ မဟုတ်လား။
သူတို့တွေ အခုလို အပြန်အလှန် နားလည်မှု စာချွန်လွှာတွေ လက်မှတ် ရေးထိုးနေတဲ့ သူတွေဟာ လက်နက်ကိုင် တော်လှန်သူတွေကို သာမကဘဲ အရပ်သား ပြည်သူလူထုကိုပါ စစ်ဆင်နွှဲနေသူတွေ ဖြစ်တယ်။ အဲဒီ အဖွဲ့အစည်းတွေဟာ လူသားရေးရာ အရေးပေါ်အကျပ်အတည်းတွေကို လက်တွေ့ ဖန်တီးနေသူတွေ၊ ပြည်သူတွေက ကိုယ့်ဇာတိ ရပ်ရွာကို စွန့်ခွာ ထွက်ပြေးရအောင် ရက်ရက်စက်စက် အကြမ်းဖက်နေတဲ့ သူတချို့နဲ့ အခုလို နားလည်မှု စာချုပ်တွေ ချုပ်ဆိုနေကြတာ ဖြစ်ပါတယ်။
နောက်ပြီးတော့ အာဏာသိမ်းပြီးချိန်ကစလို့ ရဲရဲရင့်ရင့် တွန်းလှန်နေတဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကြောင့် စစ်အာဏာရှင်တွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာရဲ့ တစ်ဝက်လောက်ကိုပဲ ထိန်းချုပ်နိုင်တော့တာပါ။
စစ်အာဏာရှင်တွေဟာ ဖြတ်လေးဖြတ်ဆိုတဲ့ မူဝါဒကို လက်တွေ့ ကျင့်သုံးခဲ့တဲ့ သမိုင်းကြောင်း ရှည်ရှည်လျားလျားလည်း ရှိနေတယ်။ အဓိပ္ပါယ်ကတော့ ပြည်သူလူထုအပေါ် ရိက္ခာတွေ၊ ဆေးဝါးတွေ၊ လောင်စာတွေနဲ့ အထောက်အပံ့တွေ အားလုံး ဖြတ်တောက်ပစ်ခြင်းပါ။
တော်လှန်ရေး အင်အားစုတွေ အရှုံးပေးသွားအောင် အကျပ်ကိုင်ဖို့အတွက် အပြစ်မဲ့ အရပ်သား ပြည်သူတွေအပေါ် တန်ဖိုးကြီးကြီး စတေးစေတဲ့ သဘောပါပဲ။ စစ်တပ်ဟာ ဒီလုပ်ရပ်မျိုးကို ဆယ်စုနှစ်တွေနဲ့ချီ အကြာကြီး ကျူးလွန်ခဲ့သလို အခုထိလည်း အဲဒီနည်းလမ်းမျိုးကို ကျင့်သုံးနေတုန်းပါ။
ဒီတော့ ကုလသမဂ္ဂရဲ့ အေဂျင်စီတွေက စစ်ဗိုလ်ချုပ်တွေနဲ့ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးနေပြီ ဆိုကတည်းက သူတို့ဟာ အခြေအနေတွေ အဆိုးရွားဆုံး ဖြစ်နေတဲ့၊ အရေးပေါ် လိုအပ်ချက်တွေ အကြီးမားဆုံး ဖြစ်နေတဲ့ နိုင်ငံတစ်ဝက်စာ ဒေသတွေဆီ အထောက်အပံ့တွေ ပို့မပေးတော့ပါဘူးလို့ သဘောတူလိုက်တဲ့ သဘောပါပဲ။ ဘယ်ကုလသမဂ္ဂ အေဂျင်စီကမှ NUG၊ ဒါမှမဟုတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (ERO)တွေနဲ့ သဘောတူ လက်မှတ်ရေးထိုးပြီး စစ်ကောင်စီ ထိန်းချုပ်ထားတာ မဟုတ်တဲ့ နယ်မြေတွေဆီ အရေးတကြီး လိုအပ်တဲ့ အထောက်အပံ့တွေ ပေးပို့ပါ့မယ်လို့ သဘောတူညီမှု ယူမထားပါဘူး။ ဒီတော့ စစ်ကောင်စီရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ စစ်ဆင်ရေးတွေကိုပဲ ကုလသမဂ္ဂ အေဂျင်စီတွေက ထောက်ပံ့နေတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ကျွန်တော်တို့ ကြုံနေရပါတယ်။
ဒါက တကယ့် ပြဿနာ တစ်ခုပါ။ တော်တော်ကြီးမားတဲ့ ပြဿနာမျိုး ဖြစ်ပါတယ်။ ဒီတော့ လူထုက ငြိုငြင်ကြ၊ ဝေဖန်ကြတာတွေဟာ ကုလသမဂ္ဂ အေဂျင်စီတွေအတွက် တကယ့်ကို ထိုက်တန်ပါတယ်။
“ဆာလောင်နေတဲ့ ကလေးငယ် တစ်ယောက်က အစားအသောက် ရနေရင် ငတ်သေမှာတော့ မဟုတ်ဘူး”ဆိုတဲ့ ပေါပေါပဲပဲ ငြင်းချက်ထုတ်တဲ့ စကားမျိုးတွေကို သုံးပြီးတော့ တကယ်တမ်း အကျည်းတန်လွန်းနေတဲ့ အရှိတရားကို မဖုံးကွယ်သင့်ဘူးလေ။ ဒီနိုင်ငံရဲ့ ကျေးလက် ဧရိယာတွေမှာ ရက်စက် ကြမ်းတမ်းလွန်းပြီး လူတွေကို လိုက်သတ်နေတဲ့ စစ်ဆင်ရေးတွေကို စနစ်တကျ လုပ်ဆောင်နေတာ အမှန်ပါပဲ။ ဒီစစ်ဆင်ရေးတွေရဲ့ လက်သည်က စစ်အာဏာရှင်တွေ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ဟန့်တားရပါမယ်။ ဒါဟာ လူသားချင်း စာနာဖေးမမှုအတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် ကိစ္စမျိုးပါ။
ကုလသမဂ္ဂခမျာ အလုပ်တွေ သိပ်များနေတယ် ဆိုရင်လည်း အနည်းဆုံးတော့ ကုလသမဂ္ဂ အေဂျင်စီတွေ အနေနဲ့ ပဋိပက္ခ တစ်ခုမှာ နှစ်ဖက်စလုံးအတွက် ဘက်မျှအောင် အလုပ်လုပ်သင့်တယ်လေ။ အခုလိုမျိုး အဓမ္မသမားတွေဖက်မှာပဲ မျက်စိစုံမှိတ် ဝင်ရပ်နေတာမျိုး မဖြစ်သင့်ဘူး။
ဒီတော့ မြန်မာ ပြည်သူတွေ အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ လူမှု အသင်းအဖွဲ့တွေက စစ်အာဏာရှင်တွေနဲ့ ပြေးပေါင်းပြီး နားလည်မှု သဝဏ်လွှာတွေ လက်မှတ်ထိုးနေပေမယ့် NUGနဲ့ EAOတွေ ထိန်းချုပ်ထားတဲ့ လွတ်မြောက် နယ်မြေတွေကိုတော့ အထောက်အပံ့တွေ ပို့ဆောင်ဖို့ ဘာသဘောတူညီမှုမှ မတည်ဆောက်ခဲ့တဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို ဒေါသထွက်ပိုင်ခွင့် အပြည့်ရှိပါတယ်။
မြန်မာ့ လူ့အဖွဲ့အစည်းဟာ စစ်တပ်ရဲ့ အဓမ္မ အာဏာလုယူမှုကို အစွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးစား ဟန့်တားပြခဲ့ပြီး ဖြစ်တယ်။ ဒီလို လူ့အသိုက်အဝန်းမျိုးက မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ အေဂျင်စီတွေ လုပ်နေတဲ့ ကိစ္စတွေ၊ မလုပ်တဲ့ ကိစ္စတွေအပေါ် စေ့စေ့စပ်စပ် ဝေဖန် အကဲဖြတ်ပိုင်ခွင့်လည်း အပြည့်ရှိတယ်။
ကုလသမဂ္ဂဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် သမိုင်းကြောင်း ရှည်ရှည်လျားလျားကြီးကို တာဝန်ပျက်ကွက်ခဲ့ပြီး ဖြစ်တယ်။ ၂၀၁၉ တုန်းက ထုတ်ပြန်တဲ့ Rosenthal အစီရင်ခံစာဟာ ၂၀၁၇ ခုနှစ်၊ ရိုဟင်ဂျာ လူမျိုးသုဉ်း သတ်ဖြတ်မှုကြီး အတွင်းမှာ ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ နည်းလမ်းနဲ့ လုပ်ဆောင်ပုံ အမှားအယွင်းတွေကြောင်း သေသေချာချာ မီးမောင်းထိုးပြထားပါတယ်။ အဲဒီတုန်းက ရခိုင်ပြည်နယ်မှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကို အမိန့်ပေး ကျူးလွန်စေခဲ့တဲ့ အဖွဲ့အစည်းကပဲ အခုအခါမှာလည်း နိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေမှာ အလားတူ သုတ်သင်ရှင်းလင်းမှုတွေ လုပ်ပြနေပါပြီ။ ကြည့်ရသလောက်တော့ ကုလသမဂ္ဂရဲ့ အေဂျင်စီတွေဟာ အတိတ်က သူတို့ရဲ့ မှားယွင်းမှုတွေကိုလည်း သင်ခန်းစာ ယူခဲ့ပုံ မပေါ်ပါဘူး။ ဒါပေမဲ့ မြန်မာပြည်သူတွေကတော့ သင်ခန်းစာ ယူနိုင်ခဲ့တယ်။
သူတို့အနေနဲ့ လုံခြုံမှု၊ အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ အခြေခံ အခွင့်အရေးတွေနဲ့ လွတ်လပ်မှုတွေကို အမှန်တကယ် ရယူ ပိုင်ဆိုင်ချင်ဆိုရင် ကြမ်းကြုတ်ပြီး ဖိနှိပ်တတ်တဲ့ စစ်တပ် အုပ်ချုပ်မှုအောက်ကနေ လွတ်အောင်ရုန်းဖို့ တစ်နည်းပဲ ရှိတော့တယ် ဆိုတာကို မြန်မာပြည်သူတွေက လုံလုံလောက်လောက် သင်ယူနိုင်ခဲ့ကြပြီးပါပြီ။ နောက်ပြီး ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ လူသားချင်း စာနာမှု အကြောင်းပြတဲ့ ခေတ်သစ်ကိုလိုနီ ဝါဒအကြောင်းလည်း သူတို့ သဘောပေါက်ကုန်ကြပြီ။ ဒါကြောင့်လည်း ကုလသမဂ္ဂ အေဂျင်စီတွေဟာ လူထုနဲ့ ပိုပြီး ကင်းကွာလာတာပါ။ ကုလသမဂ္ဂ အေဂျင်စီတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများမယ့် လမ်းကြောင်းမျိုးဆီ ဦးတည်ပြီး စလျှောက်နေပြီ ဖြစ်ပါတယ်။
မြန်မာ့လူ့အသိုက်အဝန်းမှာ အချက်ပေး ခေါင်းလောင်းသံတွေ ဆူညံလာပြီး ဒီအသံတွေကို ကုလသမဂ္ဂ အေဂျင်စီတွေကလည်း ကြားပါလိမ့်မယ်။ ဒါပေမဲ့လည်း “လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မမှိတ်မသုန် အားထုတ် ဆောင်ရွက်မှုတွေက လူထုရဲ့ ဆင်းရဲကျပ်တည်းမှုတွေကို ပြေလျော့စေမယ်”ဆိုတဲ့ ဆွေးနွေးမှု ခေါင်းစဉ်နောက်မှာ မျက်စိမှိတ်၊ နားပိတ်ရင်း ပုန်းခိုနေကြဆဲပါပဲ။
စစ်အာဏာရှင်တွေက (သူတို့တစ်ဖွဲ့တည်းက) လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့ ကဏ္ဍကို လက်နက်အနေနဲ့ အသုံးချနေတဲ့ မြန်မာလို နိုင်ငံမျိုးမှာ “လူထုရဲ့ ဆင်းရဲကျပ်တည်းမှုတွေကို ပြေလျော့စေမယ်”ဆိုတာမျိုး စကားနဲ့ချည်းသက်သက် ပြောနေလို့ မလုံလောက်ပါဘူး။ အဲဒီ အထောက်အပံ့တွေက ဘယ်နေရာကို ရောက်သွားပြီး၊ ဘယ်နေရာကိုတော့ မရောက်ဘူး၊ ဒါဟာ ဘာကြောင့်လဲ ဆိုတာတွေကို တစ်ယောက်ယောက်ကတော့ ရှင်းရှင်းလင်းလင်း ပြောပြဖို့ လိုလာပါပြီ။ ဘယ်လို အချိန်အခါမျိုးမှာ အထောက်အပံ့တွေကို ပို့ပေးပြီး ဘယ်လို အခြေအနေကျတော့ မပို့သလဲ၊ ဘာကြောင့်လဲ ဆိုတာတွေကလည်း အရေးကြီးတဲ့ ကိစ္စတွေပါပဲ။ ဘယ်သူ့ဆီကနေတဆင့် အထောက်အပံ့တွေ ရောက်လာမယ်၊ ဘယ်သူ့ဆီကတဆင့် ရောက်မလာဘူး ဆိုတာတွေကလည်း မဖြစ်မနေ ထည့်စဉ်းစားဖို့ လိုပါတယ်။
အခုကျတော့ ကုလသမဂ္ဂ အေဂျင်စီတွေဟာ စစ်အာဏာရှင်တွေ ပို့စေချင်တဲ့ နေရာတွေ၊ ပို့ဖို့ ခွင့်ပြုထားတဲ့ နေရာတွေကိုပဲ စစ်ဗိုလ်ချုပ်တွေ ခြယ်လှယ်ထားတဲ့ အစီအမံတွေ အောက်ကနေ ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။ အဲဒီ စစ်အာဏာရှင်တွေ ဆိုတာကလည်း လူသားရေးရာ အရေးပေါ် အကျပ်အတည်းတွေနဲ့ ဘေးဒုက္ခပေါင်းစုံ ပေါ်ပေါက်လာစေတဲ့ တစ်ခုတည်းသော အရင်းအမြစ် ဖြစ်ပါတယ်။
ဒီတော့ အခုဝေဖန်နေတဲ့ ကိစ္စတွေက သေချာပေါက် မှန်ကန်တယ်လို့ ပြောရမှာပါပဲ။
(Igor Blazevic ရေးသားသည့် Myanmar Civil Society Is Right to Criticize the UN on Aid Distribution ဆောင်းပါးကို DNA က ဘာသာပြန်ဆိုသည်)