နှလုံးခုန်နှုန်း အရမ်းမြန်ပြီး အသက်ရှူမရအောင်ဖြစ်သွားလို့ အဂူရိုကို ကျန်းမာရေးစစ်ဆေးဖို့ ဆေးရုံပို့လိုက်ရ

 

၃၁၊ အောက်တိုဘာ၊ ၂၀၂၁။

ဘာစီလိုနာနဲ့ အဲလာဗက်စ်တို့ တစ်ဖက်တစ်ဂိုးစီ သေရကျသွားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘောလုံးကွင်းအတွင်း အမောဖောက်ကာ လဲကျသွားခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူး အဂူရိုကို ဆေးရုံဆီ တင်ပို့လိုက်ရသေးကြောင်း ဘာစီလိုနာအသင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပွဲကစားချိန် ပထမပိုင်း မိနစ် ၄၀ လောက်မှာ အဂူရိုက ရင်ဘတ်ကို လက်နဲ့ဖိကာ ဘောလုံးကွင်းအတွင်း လဲကျသွားခဲ့ပြီး ဆေးအဖွဲ့က သွားရောက်စစ်ဆေးချိန်မှာ အဂူရိုက အသက်ရှူဖို့ ခက်ခက်ခဲခဲ ကြိုးစားရတဲ့အခြေအနေဖြစ်နေပြီလို့ သိရှိရပါတယ်။

အဂူရိုရဲ့နှလုံးခုန်နှုန်းပမာဏဟာ အရမ်းကို မြင့်တက်နေခဲ့တဲ့အတွက် ဆေးအဖွဲ့တာဝန်ရှိသူတွေက အရမ်းပဲ စိုးရိမ်သွားခဲ့ကြပြီး အတိုင်းအတာတစ်ရပ်အထိ စိတ်ချရတာနဲ့တပြိုင်နက် ဆေးရုံတင်ပို့ဖို့ အလျင်အမြန် စီစဉ်လိုက်တာပဲဖြစ်တယ်လို့ ဘာစီလိုနာအသင်းက အသိပေးထားပါတယ်။

လက်ရှိမှာတော့ အဂူရိုရဲ့အခြေအနေဟာ လုံးဝနီးပါးကို စိတ်ချရလာတဲ့အတွက် ဆေးရုံကနေ နေအိမ်ဆီကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး အဂူရိုမှာ မူးဝေထိုင်းမှိုင်းသလို ခံစားနေရတယ်လို့ အသိပေးလာတာကြောင့် ပွဲအပြီးမှာ ကျန်းမာရေးစစ်ဆေးမှုခံယူဖို့အတွက် ဆေးရုံကို စေလွှတ်လိုက်တာဖြစ်ကြောင်း ဘာစီလိုနာအသင်း ယာယီနည်းပြ ဆာဂျီ ဘာဟွန်က ပြောကြားသွားခဲ့ပါတယ်။

ဒီလိုဖြစ်သွားခဲ့တဲ့အခြေအနေကြောင့် အဂူရိုကို ပွဲဆက်လက်ကစားခိုင်းဖို့ မဖြစ်နိုင်တော့တဲ့အတွက် ပထမပိုင်း မပြီးဆုံးခင်မှာတင် ကော်တင်ညိုနဲ့ လူစားလဲလှယ်လိုက်ရပါတယ်။