အေးဂျင့်အသစ်ထပ်ခန့်ပြီး အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို မန်ယူအသင်းဖော်တွေ အကြံပေး

 

၂၆၊ အောက်တိုဘာ၊ ၂၀၂၁။

မန်ယူအသင်းဖော်တွေဟာ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို အိုးထရက်ဖို့ဒ်ကနေ အမြန်ဆုံး ထွက်ခွာနိုင်ဖို့  အားကောင်းလာအောင် အေးဂျင့်အသစ်တစ်ယောက် အမြန်ဆုံး ထပ်ခန့်သင့်တယ်လို့ အကြံပေးသွားခဲ့ပါတယ်။

လက်ရှိမှာ မန်ယူအသင်းနဲ့ အနာဂတ်မရေရာတော့တဲ့ ဗန်ဒီဘိခ်ဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ အရှိန်မြှင့်ကြိုးပမ်းနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။

မန်ယူအသင်းဟာ ဗန်ဒီဘိခ်ကို အေဂျက်ဇ်ကနေ ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် ကစားသမားကို အသုံးနည်းပါးခဲ့ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ လာမယ့် အပြောင်းအရွှေ့စျေးကွက်မှာ ကွင်းလယ်လူ ဗန်ဒီဘိခ်အနေနဲ့ အဲဗာတန် ဒါမှမဟုတ် ဝုဖ်ဘာဟမ်တန်အသင်းကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ချေရှိနေပါတယ်။

အေဂျက်ဇ်မှာ ခြေစွမ်းကောင်းတစ်ခုနဲ့ နာမည်ထွက်ခဲ့တဲ့ ဗန်ဒီဘိခ်ဟာ မန်ယူအသင်းကို ရောက်ရှိခဲ့ချိန်မှာတော့ သူ့ရဲ့ ဂုဏ်သတင်းဟာ မှေးမှိန်ပျောက်ကွယ်သွားခဲ့ရပါတယ်။

ဒါကြောင့် မန်ယူအသင်းဖော်တွေက မပျော်ရွှင်ရတော့တဲ့ အိုးထရက်ဖို့ဒ်ကနေ ဗန်ဒီဘိခ် ထွက်ခွာဖို့ဆိုရင် အေးဂျင့်ကောင်းကောင်းတစ်ယောက်ကို ထပ်ခန့်ပြီး ရည်ရွယ်ချက်အောင်မြင်အောင် လုပ်ဆောင်သင့်တယ်လို့ အကြံပေးခဲ့တာပါ။

ဗန်ဒီဘိခ်ဟာ မန်ယူကို ရောက်လာကတည်းက လက်ရှိအချိန်ထိ နည်းပြဆိုးလ်ရှားလက်အောက် ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲသာ ကစားထားရသေးပါတယ်။ လက်ရှိမှာ အေးဂျင့်ဖြစ်သူ အလီဒါဆန်နဲ့ လက်တွဲ အလုပ်လုပ်နေပေမယ့် အပြောင်းအရွှေ့အတွက်တော့ သက်ရောက်မှု မရှိသေးဘဲ ရှိနေခဲ့တာပါ။