အဖြူရောင် လီလီပန်းခင်းထဲက ကျားနာတစ်ကောင်ရဲ့ အမဲလိုက်ပွဲ

 

၃၀၊ အောက်တိုဘာ၊ ၂၀၂၁။

တော့တင်ဟမ်ဟော့စပါး  – မန်ယူချက်စတာယူနိုက်တက် (အချိန် – စနေည ၁၁ နာရီ)

အသင်းတွင်း စည်းလုံးမှု ပျောက်ဆုံးနေတာတွေနဲ့ ရလဒ်ပိုင်း ဆိုးရွားနေတဲ့ မန်ယူဟာ ကျားနာတစ်ကောင်လိုဖြစ်နေပါပြီ။ လီဗာပူးလ်နဲ့ ပွဲက အရှုံးက တမြေ့မြေ့နစ်ဝင်နေတဲ့ ဆူးတစ်ချောင်းလို ခိုက်ခိုက်တုန်အောင် နာကျင်နေရပါတယ်။

ဆိုးလ်ရှားရဲ့ အနာဂတ် နေ့ရက်တွေဟာလည်း ပူလောင်မှုတွေ၊ စိုးထိတ်စရာတွေ ချည်းပါပဲ။ ပွဲကျပ်ကာလကို ဆိုက်ရောက်နေတဲ့ကြားမှာ ပြဿနာပေါင်းစုံရှိနေတဲ့ အသင်းအတွက် ပိုလိုတောင် မလုံခြုံခြင်း နေ့ရက်တွေဆီကို ပို့ဆောင်လိုက်သလိုပါ။

တော့တင်ဟမ်ဟော့စပါး။ ဒီနှစ်မှာ ဝုဗ်နည်းပြဟောင်း နူနိုဆန်းတို့စ်နဲ့ ဖြတ်သန်းနေတဲ့အသင်း။ ပဲလေ့စ်၊ ချဲလ်ဆီးနဲ့ အာဆင်နယ်အသင်းတွေကို ဆက်တိုက်ရှုံးပြီးနောက်မှာ နှစ်ပွဲအနိုင်ပြန်ကစားပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ဝက်စ်ဟမ်းနဲ့ ပွဲမှာ အရှုံးပြန်တွေ့ခဲ့တယ်။ 

အဖြူရောင် လီလီပန်းရနံ့တွေဟာ လေသင့်တိုင်း မွှေးဖို့ တာဝန်တွေပျက်ကွက်ခဲ့တယ်။ အခုတော့ လေသင့်တိုင်းမမွှေးနိုင်တဲ့ လီလီတပ်သားတွေနဲ့ ကျားနာတစ်ကောင်လိုဖြစ်နေတဲ့ သရဲနီတို့ ထိပ်တိုက်တွေ့ဆုံပါပြီ။

ဒီနှစ်သင်းအကြားမှာ ဘာတွေ အလိုရှိနေပါသလဲ။ အမှတ်ပေးဇယားရပ်တည်မှု အထက်အအောက် ရပ်တည်နေတဲ့ အသင်းတွေဖြစ်ပေမယ့် တော့တင်ဟမ်ဟော့စပါးအသင်းဟာ အသင်းငယ်တွေနဲ့ တွေ့ရင် နောက်ပိုင်း ရလဒ်ကောင်း ရယူထားပါတယ်။ 

ဒါပေမဲ့ အခုတွေ့မှာက မန်ယူပါ။ ရလဒ်တွေ သိသိသာသာ ကျဆင်းနေတယ်ဆိုပေမယ့် ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ လုပ်ချင်တိုင်းလုပ်လို့တော့ မဖြစ်နိုင်ပါဘူး။ နောက်တန်းမှာ ဗာရန်းနဲ့ မက်ဂွိုင်းတို့ ပြန်တွဲမယ့် အခြေအနေရှိနေပြီး ပေါ့ပ်ဘာမပါနိုင်တဲ့ ကွင်းလယ်မှာတော့ ဖာနန်ဒက်ဇ်ဟာ မာတစ်၊ ဖရက်တို့နဲ့ တွဲပြီး အလုပ်ပိုလုပ်ရဖို့ ရှိပါတယ်။ 

ပြဿနာပေါင်းစုံ ရှိနေတဲ့ သရဲနီတပ်ဖွဲ့ကို အိမ်ရှင် စပါးအသင်းကလည်း အလေးပေးမှုတောင်မရှိပါဘူး။ ဒါဟာ ထူးခြားတဲ့ အခြေအနေအဖြစ် ကောက်ယူပါတယ်။ စီရော်နယ်ဒိုရဲ့ ပေါက်ကွဲအားနဲ့ ဆိုးလ်ရှားရဲ့ အရှက်ပြေ အလုပ်တွေ ကြိုးစားပြမယ့် အခြေအနေကို တွေးကြည့်တာနဲ့တင် ဖြစ်နေပါပြီ။

သရေကနေ အနိမ့်ဆုံးကြည့်ရှုရမယ့် ဒီပွဲမှာ ကျားနာတစ်ကောင်ရဲ့ ရုန်းကန်အားဟာ အားအကိုးရဆုံးဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကျားနာတစ်ကောင်ရဲ့ ခြေကုတ်အားဟာ အဖြူရောင်လီလီပန်းခင်းထဲမှာ ဖြစ်လာဖို့ ရှိနေပြီး ဒီညအတွက် DNA SPORTs  FM ကနေ ကျားနာတစ်ကောင်ရဲ့ တေးသီချင်းတစ်ပုဒ်ကို အကြိမ်ရေများများ ထုတ်လွှင့်ပေးပါရစေလို့သာ….။

 

DNASPORTS ရဲ့ ခန့်မှန်းရလဒ် >>>> တော့တင်ဟမ်ဟော့စပါး ၁-၃ မန်ချက်စတာယူနိုက်တက်