
၂၉၊ အောက်တိုဘာ၊ ၂၀၂၁။
အင်တာမီလန်ကွင်းလယ်လူ အဲရစ်ခ်ဆင်ဟာ အီတလီနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေတွေအရ ဘောလုံးကစားဖို့အတွက် ခွင့်ပြုချက်ရနိုင်ဖို့ မရှိတော့လို့ ကစားသမားဘဝ အဆုံးသတ်ရဖွယ်ရှိနေပါပြီ။
အဲရစ်ခ်ဆင်ဟာ အခုအချိန်ထိ နှလုံးခုန်စက်အကူအညီကို ရယူထားရဆဲဖြစ်ပြီး အီတလီနိုင်ငံမှာ နှလုံးစိတ်ချရမှုမရှိတဲ့ ကစားသမားတွေကို ဘောလုံးကစားခွင့်မပြုတဲ့ ဥပဒေအရ အင်တာမီလန်ဟာ အဲရစ်ခ်ဆင်ကို မဖြစ်မနေ ရောင်းထုတ်ရဖို့ ရှိနေပြီလည်းဖြစ်ပါတယ်။
တခြားသောနိုင်ငံတွေမှာ နှလုံးခုန်စက်တပ်ဆင်ထားတဲ့ ကစားသမားကို စိတ်ချရတဲ့ ကျန်းမာရေးအနေအထားမျိုးရှိရင် ဘောလုံးကစားဖို့ ဆက်ခွင့်ပြုပေးတာကြောင့် အဲရစ်ခ်ဆင်အနေနဲ့ အသင်းပြောင်းဖို့ဆိုရင် အီတလီမဟုတ်တဲ့ ပြင်ပလိဂ်တွေကိုသာ ရွေးချယ်ရတော့မှာပဲဖြစ်ပါတယ်။
ဒါပေမဲ့ အင်တာမီလန်က ရောင်းထုတ်ခဲ့သည့်တိုင် အဲရစ်ခ်ဆင်ရဲ့ကျန်းမာရေးအခြေအနေအရ သူ့ကို ဝယ်ယူလိုတဲ့ ကလပ်အသင်းက အရမ်းပဲ နည်းပါးနေလို့ အဲရစ်ခ်ဆင်ဟာ ကစားသမားဘဝဖြတ်သန်းမှု ရှေ့မဆက်နိုင်တော့ဘဲ အနားယူလိုက်ရတာမျိုးလည်း ဖြစ်သွားနိုင်ကြောင်း သုံးသပ်ချက်တွေ ထွက်ပေါ်နေတာပဲဖြစ်ပါတယ်။
အဲရစ်ခ်ဆင်ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ကျင်းပခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဖင်လန်နဲ့ ဒိန်းမတ်တို့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ နှလုံးအမောဖောက်ပြီး ဘောလုံးကွင်းအတွင်း လဲကျသွားခဲ့လို့ ဆေးရုံတက်ရောက်ကုသခဲ့ရကာ အခုအချိန်ထိ နှလုံးခုန်စက်အကူအညီနဲ့ ရပ်တည်နေရတာပဲဖြစ်ပါတယ်။