အီသီယိုးပီးယားနိုင်ငံမှာ လေကြောင်း ပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် လူ ၁၀ ဦးသေဆုံး

ဓာတ်ပုံ – AP

၃၀၊ အောက်တိုဘာ၊ ၂၀၂၁။

အီသီယိုးပီးယား စစ်တပ်ရဲ့ လေကြောင်း ပစ်ခတ်မှုကြောင့် ကလေးငယ်တွေ အပါအဝင် လူ ၁၀ ဦးလောက် သေဆုံးခဲ့ရပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ Aljazeera သတင်းဌာနက ဖော်ပြပါတယ်။ 

ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈၊ မနေ့က တိုက်ဂရေးဒေသမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အီသီယိုးပီးယားအစိုးရဟာ တိုက်ဂရေး သူပုန်တွေကို နှိမ်နင်းရာကနေ အခုလို အပြစ်မဲ့ပြည်သူတွေနဲ့ ကလေးငယ်တွေပါ ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတာပါ။

အီသီယိုးပီးယား အစိုးရကတော့  သူပုန်တွေထိန်းချုပ်ထားတဲ့ တိုက်ဂရေးဒေသ မြို့တော် မီကယ်လီက စက်ရုံတစ်ရုံကို အဓိက ပစ်မှတ်ထား ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။ 

တိုက်ဂရေး သူပုန်တွေဟာ အဲ့ဒီစက်ရုံကို စက်လက်နက်ပစ္စည်းတွေ ထိန်းသိမ်းထားဖို့အတွက် အသုံးပြုခဲ့တာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ 

ဒါပေမဲ့ အီသီယိုးပီးယားအစိုးရ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ စက်ရုံရဲ့ အနီးနားဝန်းကျင်ဟာ လူနေရပ်ကွက်ဖြစ်နေတာကြောင့် အခုလို ထိခိုက်မှုတွေရှိခဲ့တာပဲဖြစ်ပါတယ်။