အသင်းနဲ့ စာချုပ်သက်တမ်း ထပ်တိုးဖို့ အာမခံချက်မရှိသေးပေမယ့် နောက်ခံလူ ရူဒီဂါ ချဲလ်ဆီးအသင်းမှာ ပျော်ရွှင်

 

၃၀၊ အောက်တိုဘာ၊ ၂၀၂၁။

ချဲလ်ဆီးအသင်းရဲ့ ဂျာမနီနောက်ခံလူ ရူဒီဂါဟာ အသင်းနဲ့ သူ့အကြားမှာ စာချုပ်သက်တမ်းတိုး ချုပ်ဆိုရေးကိစ္စ ရေရာမှုမရှိသေးပေမယ့် ချဲလ်ဆီးအသင်းမှာ ကစားရတာ ပျော်ရွှင်မှု ရှိနေတယ်လို့ အသိပေးဖွင့်ဟခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ချဲလ်ဆီးနောက်ခံလူ ရူဒီဂါဟာ အသင်းနဲ့ လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်အရ လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ 

ချဲလ်ဆီးဒါရိုက်တာ မာရီနာနဲ့ ရူဒီဂါတို့ဟာ အနာဂတ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် လက်ရှိအချိန်ထိ တိကျတဲ့ အဖြေဟာ ထွက်မလာခဲ့သေးပါဘူး။

ဒါပေမဲ့ ချဲလ်ဆီးအသင်းအတွက်တော့ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို အပြည့်အဝ အာရုံစိုက်ထားတယ်လို့ ရူဒီဂါက အခိုင်အမာ ကတိပြုခဲ့ပါတယ်။

ရူဒီဂါဟာ နည်းပြဟောင်း လမ်းပတ်ရဲ့ လက်ထက်မှာ အောင်မြင်မှု မရရှိခဲ့ပေမယ့် လက်ရှိနည်းပြ သောမတ်တူချယ်ရဲ့ လက်အောက်မှာတော့ ခြေစွမ်းကောင်းတွေ ရရှိနေပြီး နည်းပြရဲ့ ယုံကြည်မှုကိုလည်း ရရှိထားပါတယ်။ 

“ကျွန်တော့်ရဲ့ အေးဂျင့်နဲ့ မာရီနာတို့ ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ အဖြေကတော့ မထွက်လာသေးပါဘူး။ အခုလက်ရှိအခြေအနေအတွက်တော့ မနက်မိုးလင်းတာနဲ့ လုပ်နေတဲ့ အလုပ်ပေါ်မှာပဲ အာရုံစိုက်ထားတယ်”လို့ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါက ပြောပါတယ်။

ဒါအပြင် သူ အသင်းမှာ ပျော်ရွှင်နေတယ်ဆိုတာကို  ပရိသတ်တွေအနေနဲ့လည်း သိရှိနိုင်မယ်ထင်တယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။