အမေရိကန်က ကလေးငယ်တွေအတွက် ကိုဗစ်ကာကွယ်ဆေး သန်း ၅၀မှာယူထား 

၂၉၊ အောက်တိုဘာလ၊ ၂၀၂၁။

သမ္မတဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရက ကလေးငယ်တွေအတွက် ကိုဗစ်ကာကွယ်ဆေး သန်း ၅၀ထပ်ဝယ်ထားတယ်လို့ Pfizer-BioNTech ကုမ္ပဏီက ပြောပါတယ်။

ဒီကာကွယ်ဆေးဟာ အသက် ၅နှစ်ကနေ ၁၁နှစ်အထိ ကလေးငယ်တွေ ထိုးနှံနိုင်မှာဖြစ်ပြီး လာမယ့်နှစ် ဧပြီလကုန်မှာ ပို့ဆောင်သွားမယ်လို့ အောက်တိုဘာ ၂၆ရက်နေ့ ကုမ္ပဏီသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

အမေရိကန် အစားအသောက်နဲ့ဆေးဝါးဆိုင်ရာဌာန (FDA)ရဲ့ ကာကွယ်ဆေးနဲ့ ဆက်စပ်ဇီဝဗေဒဆိုင်ရာထုတ်လုပ်ရေးအကြံပေးကော်မတီဟာ အောက်တိုဘာ ၂၆ရက်နေ့မှာ ကလေးငယ်တွေအတွက် ထုတ်လုပ်ထားတဲ့ Pfizer-BioNTech ရဲ့ ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုဖို့ မဲခွဲအတည်ပြုခဲ့တာလို့ သိရပါတယ်။

အမေရိကန်နိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသုစုစုပေါင်း ၇သိန်း ၆သောင်း ၃ထောင်ကျော်ရှိပြီး ရောဂါကူးစက်ခံရသူပေါင်း ၃၆သန်းကျော်ရှိတယ်လို့ worldometers က ဖော်ပြတဲ့အချက်အလက်တွေက ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံ လူဦးရေရဲ့ ၅၈ရာခိုင်နှုန်းဟာ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးထားပြီးပြီလို့ အာဏာပိုင်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။