အီဂျစ်ကျောင်းသင်ရိုးညွှန်းတမ်းမှာ လီဗာပူးလ်တိုက်စစ်မှူး ဆာလားအကြောင်း ထည့်သွင်းမယ်

၂၉၊ အောက်တိုဘာ၊ ၂၀၂၁။

လီဗာပူးလ်အသင်းမှာ အောင်မြင်မှုတွေ ရရှိနေတဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလားအကြောင်းကို အီဂျစ်နိုင်ငံ ကျောင်းသင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းပြီး သင်ကြားတော့မယ်လို့ သိရှိရပါတယ်။

ဆာလားရဲ့ ကွင်းတွင်း ကွင်းပြင်ပက အကြောင်းအရာတွေကို အီဂျစ် မူလတန်းနဲ့ အလယ်တန်း ကျောင်းသင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းပြီး ဖော်ပြပေးသွားမှာပါ။ 

အီဂျစ် ကလေးငယ်တွေအနေနဲ့ ဆာလားရဲ့ အကြောင်းကို သင်ယူပြီး နိုင်ငံနဲ့ လူ့အဖွဲ့အစည်းအပေါ် ချစ်ခင်စိတ်အပြင် ပရဟိတစိတ်တွေ ပိုမိုရှိလာအောင် ရည်ရွယ်ကာ ကျောင်း သင်ရိုး ညွှန်းတန်းမှာ ဖော်ပြတာဖြစ်တယ်လို့ သတင်းတွေက ရေးသားခဲ့ကြတာပါ။

အီဂျီဘုရင်လို့ အမည်ပြောင် ခေါ်ခံရတဲ့ ဆာလားဟာ လီဗာပူးလ်အသင်းအတွက် အခုနှစ်မှာလည်း ခြေစွမ်းအထူးပြသနေတဲ့ ကစားသမားတစ်ယောက်အဖြစ် ရှိနေပါတယ်။ 

အနီးစပ်ဆုံးအဖြစ် မန်ယူအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက်  ဟက်ထရစ်သွင်းယူပြီး ထူးခြားစေခဲ့ပါတယ်။ 

ဒါကြောင့်လည်း အီဂျစ်ကလေးငယ်တွေအတွက် စံပြဖြစ်အောင် အခုလို အီဂျစ်နိုင်ငံရဲ့ ကျောင်းသင်ရိုးမှာ ဆာလားအကြောင်း ထည့်သွင်းသင်ယူစေဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ 

အီဂျစ်ပြည်သူတွေရဲ့  အချစ်တော် တိုက်စစ်မှူး ဆာလားဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၁၅ ပွဲကစားပြီး သွင်းဂိုး ၁၄၀ အထိ သွင်းယူပေးထားပါတယ်။ 

လက်ရှီမှာတော့ လီဗာပူးလ်အသင်းဟာ ဆာလားကို အသင်းနဲ့ကျန်ရှိနေသေးတဲ့ စာချုပ်သက်တမ်းမကုန်ခင် နောက်ထပ် စာချုပ်သစ်ချုပ်ဆိုဖို့ အပူတပြင်း ကြိုးပမ်းနေပါတယ်။