ခရမ်း၊ကရင်ကန်ဂိတ်မှာဗုံးကွဲ

၂၉၊ အောက်တိုဘာလ၊ ၂၀၂၁။

ရန်ကုန်တိုင်း၊ခရမ်းမြို့ပေါ်က ကရင်ကန်စစ်ဆေးရေးဂိတ်မှာ ဒီနေ့မနက် ၈နာရီ၁၀မိနစ်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပေမဲ့ လူထိခိုက်မှုမရှိဘူးလို့ မြို့ခံ​တွေဆီက သိရပါတယ်။

ဗုံးပေါက်ကွဲချိန်မှာ ဂိတ်စောင့်အကြမ်းဖက်စစ်သားတွေ အဆာပြေထမင်းစားနေချိန်မို့ လူထိခိုက်ခြင်းမရှိတာလို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။

‘ဗုံးကသဲအိတ်တွေထဲမှာ ပေါက်တာ။ ထိခိုက်ပျက်စီးမှုတော့ မရှိဘူး၊ ခရီးသွားတွေတော့ အကုန်လှည့်ပြန်ကုန်ကြပြီ၊ စခတွေ အနီးအနားမှာ လိုက်ပြီးစစ်ဆေးနေတယ်´ လို့ခရမ်းပြည်သူတစ်ဦးကဆိုသည်။

အောက်တိုဘာ၂၇ရက်နေ့ကလည်း အစစ်အဆေးကြမ်းတဲ့ ခရမ်း ဒေးပေါက်လမ်းဆုံမှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ရာ စစ်အုပ်စုဝင်၂ဦးသေပြီး၂ဦးဒဏ်ရာရတယ်လို့ ခရမ်းချန်နယ်ကဆိုပါတယ်။

‘အခုပေါက်တဲ့ ဗုံးကပြင်းအားရှိတယ်။ပေါက်တဲ့အချိန်နည်းနည်းစောသွားလို့ ဒီကောင်တွေမထိတာ။ဂိတ်ကိုမပိတ်ပေမဲ့ ပိုပြီးစစ် ဆေးနေတယ်။’လို့ သူကပြောပါတယ်။

ကရင်ကန်ဂိတ်ဟာ အမှတ်(၈)ရပ်ကွက်နဲ့ ကရင်ကန်ကိုဆက်သွယ်ထားတဲ့ လမ်းမှာရှိပါတယ်။