
၂၈၊ အောက်တိုဘာ၊ ၂၀၂၁။
စီရော်နယ်ဒိုရဲ့ဇနီးသည် ဂျီအော်ဂျီနာဟာ အမြွှာရင်သွေးကို ထပ်မံ ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပြီး ဒီရင်သွေးလေးတွေ ဖွားမြင်ပြီးရင် စီရော်နယ်ဒိုက ရင်သွေးခြောက်ယောက်ရဲ့ဖခင်ဘဝကို ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။
အသက် ၃၆ နှစ်အရွယ် စီရော်နယ်ဒိုနဲ့ အသက် ၂၇ နှစ်အရွယ် ဂျီအော်ဂျီနာတို့ဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ သမီးငယ်လေး အေလာနာကို ပိုင်ဆိုင်ခဲ့ပြီး ဒါဟာ ဂျီအော်ဂျီနာအတွက် စီရော်နယ်ဒိုနဲ့ ရရှိတဲ့ ဒုတိယမြောက်ကိုယ်ဝန်ဖြစ်ပါတယ်။
စီရော်နယ်ဒိုဟာ အသက် ၁၁ နှစ်အရွယ် သားကြီးဖြစ်သူ ခရစ္စတီယာနို ဂျူနီယာကို အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ရရှိခဲ့ပြီး ခရစ္စတီယာနို ဂျူနီယာရဲ့မိခင် ဘယ်သူဖြစ်တယ်ဆိုတာကို စီရော်နယ်ဒိုတို့ မိသားစုက အောင်မြင်စွာ ဖုံးကွယ်ထားနိုင်ဆဲပဲဖြစ်ပါတယ်။
စီရော်နယ်ဒိုရဲ့အစ်မဖြစ်သူက ခရစ္စတီယာနို ဂျူနီယာရဲ့မိခင်ဟာ ကွယ်လွန်သွားပြီလို့ ထုတ်ဖော်ပြောကြားခဲ့ဖူးပေမယ့် သတင်းမီဒီယာတွေကတော့ စီရော်နယ်ဒိုတို့ မိသားစုဟာ အဲ့ဒီမိန်းကလေးကို လျော်ကြေးငွေ အမြောက်အမြားပေးကာ နှုတ်ပိတ်ထားတာဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။
စီရော်နယ်ဒိုဟာ ခရစ္စတီယာနို ဂျူနီယာရဲ့နောက်မှာ အီဗာနဲ့ မာတီယို အမည်ရ အမြွှာနှစ်ယောက်ကို အငှားကိုယ်ဝန်ဆောင်တဲ့နည်းလမ်းနဲ့ ရယူခဲ့ပြီး လက်ရှိမှာ အဲ့ဒီအမြွှာလေးတွေက အသက် လေးနှစ်အရွဘ်ရှိနေပြီပဲဖြစ်ပါတယ်။
ဂျီအော်ဂျီနာနဲ့ ရရှိခဲ့တဲ့ သမီးငယ်လေး အေလာနာဟာ အသက်သုံးနှစ်အရွယ်ရှိနေပြီဖြစ်ပြီး အမြွှာလေးတွေ ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်းကို သက်သေခံ အာထရာဆောင်းဓာတ်ပုံနဲ့တကွ ဂျီအော်ဂျီနာက အသိပေးသွားခဲ့တာပဲဖြစ်ပါတယ်။
ကျွန်မတို့ရဲ့မိသားစုထဲကို အမြွှာလေးတွေ ထပ်ရောက်လာတော့မယ်ဆိုတာ အသိပေးခွင့်ရတဲ့အတွက် အရမ်းပဲ ကျေနပ်ဝမ်းသာဖြစ်ရပါတယ်။ ကျွန်မတို့ရဲ့နှလုံးသားတွေဟာ ချစ်ခြင်းမေတ္တာတွေနဲ့ အပြည့်အနှက်ဖြစ်နေပါပြီ။ အမြွှာရင်သွေးလေးတွေကို မြင်တွေ့ခွင့်ရဖို့အတွက် အချိန်ထပ်မစောင့်နိုင်အောင် ဖြစ်နေရပါပြီလို့လည်း ဂျီအော်ဂျီနာက သူမရဲ့အင်စတာဂရမ်အကောင့်မှာ ရေးသားထားတာကို မြင်တွေ့ရပါတယ်။