၂၈၊ အောက်တိုဘာ၊ ၂၀၂၁။
လီဗာပူးလ်အသင်းတာဝန်ရှိသူတွေဟာ တိုက်စစ်မှူး ဆာလားကို အသင်းရဲ့လုပ်ခလစာအများဆုံးရ ကစားသမားအဖြစ် စံချိန်တင်နိုင်မယ့် အခွင့်အရေးတစ်ရပ် ပေးအပ်ပြီး စာချုပ်သစ်ချုပ်တော့မယ်လို့ သိရပါတယ်။
ဆာလားနဲ့ လီဗာပူးအသင်းတို့အကြားမှာ ချုပ်ဆိုထားတဲ့စာချုပ်က ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ သက်တမ်းကျန်ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာ ဥရောပပြိုင်ဘက်အများစုက ဆာလားကို ခေါ်ယူဖို့ ကြိုးပမ်းလာတာကြောင့် လီဗာပူးက စာချုပ်သစ်ချုပ်နိုင်ဖို့ကို အရှိန်မြှင့်ဆောင်ရွက်လာတာပဲဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနဲ့ ဆာလားဟ်ရဲ့အေးဂျင့်တို့အကြားမှာ စာချုပ်သစ်ကိစ္စနဲ့ပတ်သက်လို့ နောက်ဆုံးအဆင့် စကားပြောဆိုမှုတွေ စတင်နေပြီဖြစ်ပြီး ဆာလားဘက်ကတော့ စာချုပ်သစ်နဲ့ပတ်သက်လို့ သူ့ရဲ့တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့်ကို ပေါင်ငါးသိန်း တောင်းဆိုထားကြောင်း သိရှိရပါတယ်။
လီဗာပူးလ်ဟာ ဆာလားကို နှစ်ရှည်စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ဖို့ ရည်ရွယ်နေတာဖြစ်ပြီး သူအလိုရှိနေတဲ့ လုပ်ခလစာ အကျိုးခံစားခွင့်နဲ့ အနီးစပ်ဆုံးဖြစ်အောင် လီဗာပူးလ်က စီစဉ်ပေးသွားဖို့ ရှိနေကြောင်း Liverpool Echo သတင်းမီဒီယာက ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လီဗာပူးလ်ကနေ မန်ချက်စတာယူနိုက်တက်ကို ငါးဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူခဲ့တဲ့ ဆာလားဟာ ဒီနှစ်ဘောလုံးရာသီမှာ လီဗာပူးအတွက် ပြိုင်ပွဲအရပ်ရပ်သွင်းဂိုးပေါင်း ၁၅ ဂိုးအထိ ရယူပေးထားပြီးပြီဖြစ်ပါတယ်။
လက်ရှိမှာ လီဗာပူးလ်အသင်းရဲ့လုပ်ခလစာအကျိုးခွင့် အများဆုံးရထားတဲ့ ကစားသမားအဖြစ် ရပ်တည်နေသူက ဗန်ဒိုက်ဖြစ်ပြီး သူ့ရဲ့တစ်ပတ်လုပ်ခက ပေါင် ၂၂၀,၀၀၀ ဖြစ်ပါတယ်။