
၂၈၊ အောက်တိုဘာ၊ ၂၀၂၁။
ဒေါ့တ်မွန်အသင်းဟာ သူတို့ရဲ့ လူငယ်ကြယ်ပွင့်ဖြစ်တဲ့ ကွင်းလယ်လူ ဘယ်လင်ဟမ်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေ များပြားနေပေမယ့် အခုချိန်မှာတော့ လက်မလွှတ်ချင်သေးဘူးလို့ သိရှိရပါတယ်။
The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ ဥရောပ ကလပ်အသင်းကြီးတွေထဲမှာ လီဗာပူးလ်အသင်းက ဘယ်လင်ဟမ်ကို ပိုမို မျက်စိကျနေပြီး ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့တာပါ။
အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ အင်္ဂလန်ကြယ်ပွင့် ဘယ်လင်ဟမ်ကတော့ အသက်သာ ငယ်ရွယ်သေးပေမယ့် ဒေါ့တ်မွန်အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ရှိနေခဲ့ပါတယ်။
လီဗာပူးလ်အသင်းကတော့ ကစားသမားကို ဒေါ့တ်မွန်အသင်းဘက်က ဘယ်လိုပဲ ထိန်းထားနိုင်ပါစေ၊ သူတို့အနေနဲ့ ကစားသမားအတွက် ငွေကြးများစွာ ကုန်ကျပြီး ခေါ်ယူသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်ကိုယ်တိုင် ဘယ်လင်ဟမ်ကို သဘောတွေ့နေခဲ့ပေမယ့် ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ မန်ယူ၊ မန်စီးတီး၊ ချဲလ်ဆီးတို့နဲ့ အပြိုင် ကစားသမားကို ရရှိဖို့ အားထုတ်ကြိုးပမ်းရဖွယ် ရှိနေပါတယ်။
ဒေါ့တ်မွန်အသင်းဘက်ကတော့ ခြေစွမ်းကောင်းတစ်ခု ပိုင်ဆိုင်ထားတဲ့အပြင် အသင်းပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ အင်္ဂလန်ကြယ်ပွင့်အနေနဲ့ လက်ရှိမှာ အသင်းကြီးအများစုရဲ့ စိတ်ဝင်စားတာကို ခံနေရပေမယ့် အသင်းကနေ ထွက်ခွာဖို့ အရိပ်အယောင်တောင် ရှိမနေဘူးလို့ အသိပေးခဲ့ပါတယ်။