နှစ်ပေါင်း ၄၃ နှစ်တာအတွင်း ဂျာမန်ဘီလူးကြီးရဲ့ အကြီးမားဆုံး ရှုံးပွဲ

 

၂၈၊ အောက်တိုဘာ၊ ၂၀၂၁။

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန်ပိုကယ်ဖလား ပြိုင်ပွဲမှာ ဂျာမနီအင်အားကြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ မိုချင်ဂလက်ဘက်အသင်းကို ၅ ဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။ 

ဒီရှုံးပွဲဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၄၃ နှစ်တာအတွင်း အကြီးမားဆုံး ရှုံးပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ လူစုံထုတ်ပွဲထွက်ခဲ့ပေမယ့် မိုချင်ဂလက်ဘက် ကစားသမားတွေဖြစ်တဲ့ ဘန်ဆီဘိုင်နီနဲ့ အမ်ဘိုလိုတို့ရဲ့ ခြေစွမ်းနဲ့ သွင်းဂိုးတွေကြောင့်ပဲ အခုလို အရှက်တကွဲနဲ့ ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့်လည်း မိုချင်ဂလက်ဘက်ဟာ နောက်ဆုံးပြိုင်ပွဲစုံ ၃ ကြိမ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ၂ ကြိမ်အထိ အနိုင်ရယူပြီး သရေပွဲတစ်ပွဲ ကစားကာ ရလဒ်တွေကောင်းခဲ့တာပဲဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းရဲ့ အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်ကတော့ ဒီရှုံးပွဲကို “ကျွန်တော်လုံးဝကို တုန်လှုပ်မိခဲ့ပါတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဂိုးပြတ်အရှုံးတွေနဲ့ မကြုံတာကြာပြီဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ၁၉၇၈ ခုနှစ်မှာ ကိုင်ဇာစလော့တန်အသင်းကို ၅ ဂိုး ဂိုးမရှိတဲ့ ရှုံးပြီးကတည်းက အခုအခါမှာ ပထမဆုံးအဖြစ် အကြီးမားဆုံး ၅ဂိုးပြတ် ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတာပဲဖြစ်ပါတယ်။

မိုချင်ဂလက်ဘတ်အသင်းအတွက်တော့ ဒီတစ်ကြိမ် ဘိုင်ယန်မြူးနစ်ကို အနိုင်ရခဲ့တာဟာ ဒုတိယအကြိမ်မြောက် ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိတာလည်းဖြစ်ပါတယ်။ 

ပထမတစ်ကြိမ်က ၁၉၇၄ ခုနစ် မေ ၁၈ မှာ မိုချင်ဂလက်ဘက်ဟာ ၅ ဂိုးပြတ်နဲ့ ဘိုင်ယန်မြူးနစ်ကို အနိုင်ရခဲ့တာပါ။ 

အဲ့ဒီပွဲမှာ မိုချင်ဂလက်ဘတ်အတွက် ခြေစွမ်းပြခဲ့တဲ့ ဂျက်ပ်ဟေးနက်ခ်ဟာ နောက်ပိုင်းမှာတော့ ဘိုင်ယန်မြူးနစ်ရဲ့အအောင်မြင်ဆုံး နည်းပြတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ 

မနေ့က ဂျာမန်ပိုကယ်ပွဲမှာ မိုချင်ဂလက်ဘက်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ကိုနီ (၂) မိနစ်၊ ဘန်ဆီဘိုင်နီ (၁၅၊ ၂၁ (ပင်)) မိနစ်နဲ့ အမ်ဘိုလို (၅၁၊ ၅၇) မိနစ်တွေမှာ သွင်းယူခဲ့တာပဲဖြစ်ပါတယ်။