၂၇ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။
မြင်းခြံခရိုင် တောင်သာမြို့နယ် အရှေ့ချောင်းဆုံကျေးရွာမှာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ အပစ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၂၇ရက်နေ့ မနက် ၇နာရီခန့်မှာ အုပ်ချုပ်ရေးမှူး ဦးမှတ်တင်ရဲ့ နေအိမ်ကို အမည်မသိ အမျိုးသားနှစ်ဦးက ထောက်ခံစာလုပ်ဖို့လာတယ်လို့ အကြောင်းပြကာ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
“အုပ်ကြီးနဲ့ နောက်တစ်ယောက်နဲ့ အတူတူထိုင်နေတာ ထောက်ခံစာလိုချင်လို့ပါဆိုပြီး အိမ်ပေါ်တက်လာပြီး အုပ်ကြီးကိုပဲ ရွေးပစ်သွားတယ် ကျန်တဲ့သူကိုတော့ မဆိုင်တဲ့သူ ဘေးဖယ်နေဆိုပြီးတော့ ဘာမှ လုပ်မသွားဘူး၊ အခုတော့ ဆေးရုံပို့ထားတယ် သေမယ်လို့ ထင်ရတယ်”လို့ ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ အကြမ်းဖက်စစ်အုပ်စုက အင်အား အလုံးအရင်းနဲ့ ကျေးရွာကို ရောက်ရှိလာပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတာကြောင့် လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။