၂၇ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။
ဆူဒန်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး အယ်လ်ဘာဟမ်က ပြည်တွင်းစစ်ကို တားဆီးဖို့အတွက် အာဏာသိမ်းလိုက်တာလို့ မနေ့က ပြောကြားလိုက်ပါတယ်။
ဆူဒန်စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်၊ တနင်္လာနေ့က အရပ်သားအစိုးရရဲ့ အကြီးတန်းခေါင်းဆောင်တချို့ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး တိုင်းပြည်ကို အာဏာသိမ်းလိုက်တာပါ။
အဲ့ဒီနောက်မှာ ဒီမိုကရေစီအရေးလိုလားတဲ့ ဆူဒန်ပြည်တွေဟာ လမ်းပေါ်ထွက် ဆန္ဒထွက်ပြပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပါတယ်။
ဆန္ဒပြပွဲတွေကို ထိန်းချုပ်ရင်း စစ်တပ်ဘက်က ပစ်ခတ်တာတွေရှိခဲ့လို့ ဆန္ဒပြသူ အနည်းဆုံး ၁၀ ဦးလောက် သေဆုံးခဲ့ရပါတယ်။
အောက်တိုဘာ ၂၆၊ အင်္ဂါနေ့မှာတော့ “ပြီးခဲ့တဲ့ တစ်ပတ်လောက်က နိုင်ငံဟာ ပြည်တွင်းစစ်ထဲရောက်သွားမယ့် အန္တရာယ်ကို တွေ့မြင်ခဲ့ရတယ်”လို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဆူဒန်ဗိုလ်ချုပ်ကြီး အယ်လ်ဘာဟမ်က ပြောခဲ့တာပါ။
ဒါပြင် ဖမ်းဆီးထားတဲ့ ဝန်ကြီးချုပ် အဗ္ဗဒူလာ ဟမ်းဒွတ်ခ်နဲ့လည်း သူဟာ မနေ့ညက အတူရှိနေခဲ့ပြီး အသက်ရှိရှင်လျက်ရှိနေတယ်လို့ ဆက်ပြောပါတယ်။
ဝန်ကြီးချုပ်ကို ထိန်းသိမ်းထားတာဟာ ထိခိုက်မှုတွေ မလိုလားတာကြောင့် ထိန်းသိမ်းခဲ့တာဖြစ်တယ်လို့လည်း ဖြေရှင်းပါတယ်။ အကျပ်အတည်းတွေအားလုံးပြီးဆုံးသွားရင် သူ့အိမ်ကို သူပြန်ရမှာဖြစ်တယ်လို့ ဆက်ပြောပါတယ်။
အခုအခါမှာ ဆူဒန်စစ်တပ်အနေနဲ့ နိုင်ငံကို အလုံးစုံ ထိန်းချုပ်ထားသလို အင်တာနက် ဆက်သွယ်ရေးကဏ္ဍတွေနဲ့ လေဆိပ်တွေကို ဆက်လက်ပိတ်ထားပါတယ်။
ဆန္ဒပြသူတွေထဲမှာ ဆရာဝန်အချို့နဲ့ ဘဏ်ဝန်ထမ်းအချို့ပါ ပါဝင်နေတယ်လို့ သတင်းအချို့က ဖော်ပြပြီး သူတို့အားလုံးဟာ အရေးပေါ်အခြေနေမှလွဲလို့ ဆူဒန်စစ်တပ်လက်အောက်မှာ အလုပ်မလုပ်ဘဲ သပိတ်မှောက်ဖို့ ကြိုးပမ်းနေတယ်လို့ ဖော်ပြထားပါတယ်။