ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး မဟုတ်မမှန်ပြောဆိုခဲ့လို့ ဘရာဇီးသမ္မတရဲ့ ဗီဒီယိုဖိုင်ကို Facebook နဲ့ YouTube ဖယ်ရှား

၁၂ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး မဟုတ်မမှန်ပြောဆိုခဲ့လို့ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုရဲ့ ဗီဒီယိုဖိုင်တစ်ခုကို Facebook နဲ့ YouTube က ဖယ်ရှားလိုက်ပါတယ်။

Aljazeera သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘရာဇီး သမ္မတ ဘော်ဆိုနာရိုဟာ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ပြောဆိုမှုတစ်ခုမှာ Facebook နဲ့ YouTube တို့ ချမှတ်ထားတဲ့ မူဝါဒစည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ပြီး ပြောဆိုခဲ့တာဖြစ်တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။

ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက ကိုဗစ်ကာကွယ်ဆေးတွေဟာ ရောဂါကူးစက်မှုကို မလျှော့ချနိုင်ဘဲ အခြားရောဂါတွေပါ ဖြစ်ပွားစေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပြုလုပ်ခဲ့တာဖြစ်ပြီး AIDS ရောဂါဝေဒနာသည်တွေအတွက် ထိခိုက်မှု ရှိစေနိုင်တယ်လို့လည်း စွပ်စွဲပြောကြားခဲ့တာပါ။

ဒီစွပ်စွဲချက်နဲ့ ပြောဆိုမှုကြောင့် Facebook နဲ့ YouTube တို့က မဟုတ်မမှန်သတင်းအချက်အလက်ကို ပေးစေတယ်ဆိုပြီး သူတို့ရဲ့ ပလက်ဖောင်းကနေ ဘရာဇီးသမ္မတ ဘော်ဆိုနာယိုရဲ့ စွပ်စွဲမှု ဗီဒီယိုဖိုင်ကို ဖယ်ရှားလိုက်တာဖြစ်ပါတယ်။

“ကိုဗစ်ကာကွယ်ဆေးဟာ လူတွေကို သေစေတယ် ဒါမှမဟုတ် ပြင်းထန်စွာ ထိခိုက်စေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ပေါ်လစီက လုံးဝ ခွင့်မပြုပါဘူး”လို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ထုတ်ဖော် အသိပေးခဲ့ပါတယ်။

HIV နဲ့ AIDS ဆိုင်ရာ ကုလသမဂ္ဂ ပူးတွဲအစီအစဉ် (UNAIDS) ရဲ့ အဆိုအရ ခွင်ပြုချက်နဲ့ အတည်ပြုချက်ရထားတဲ့ ကိုဗစ် ကာကွယ်ဆေးတွေဟာ HIV ရှိသူတွေ AIDS ဖြစ်သူတွေအတွက်လည်း ဘေးကင်းမှုရှိတယ်လို့ အသိပေးထားပါတယ်။

ဘရာဇီးသမ္မတ ဘော်ဆိုနာရိုဟာ နိုင်ငံအတွင်း ကိုဗစ်ထိန်းချုပ်ရေး ကဏ္ဍတွေမှာ အားနည်းသူတစ်ဦးအဖြစ် ဝေဖန်ခံနေရတဲ့ သမ္မတတစ်ဦးသလို လူသားထုအပေါ် ရာဇဝတ်မှုကျူးလွန်တစ်ဦးအဖြစ်လည်း စွပ်စွဲခံထားရသူဖြစ်ပါတယ်။