ငါးသိုင်းချောင်းမြို့မှာ သံဃာတော်တစ်ပါးကို စစ်အုပ်စုက အကြောင်းမဲ့ ပစ်သတ်

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။

ငါးသိုင်းချောင်းမြို့မှာ အရက်မူးနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ သံဃာတော်တစ်ပါးကို အကြောင်းမဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၅ရက်နေ့ မနက် ၁၀နာရီ ၄၅မိနစ်ခန့်မှာ ရင်းရှည်ကျေးရွာမှာ လက်ထောက်ကျောင်းတိုက်ဆရာတော် ဥူးကုသလဟာ သူရဲ့မယ်တော်ဖြစ်သူရဲ့ အုတ်ဂူကို ဆေးသုတ်ဖို့အတွက် ကျောင်းသားတစ်ဦး ငါးသိုင်းချောင်းကို ဆေးသွားဝယ်ပြီး အပြန်မှာ စစ်အုပ်စုက ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ဆရာတော်က ငယ်ဖြူဆရာတော် ကျောင်းတိုက်မှာ လက်ထောက်ကျောင်းတိုက်ဆရာတော်ပါ၊ အပြန်လမ်းမှာ မူးနေတဲ့စစ်သားတွေက ရမ်းပစ်တာမှာ ဆရာတော်က ပျံလွန်တော်မူသွားတယ်၊ ကျောင်းသားလေးကတော့ နားရွက်ကျည်ဆံထိပြီး ဆေးရုံမှာ သတိလစ်နေတယ်၊ ဆရာတော့်ကို ပစ်ပြီးမှ ဘုန်းကြီးမှန်းလဲသိရော စစ်တပ်က လူဝတ်နဲ့ ချက်ခြင်းလဲပလိုက်တာ၊ အလောင်းကိုလည်း ပြန်မပေးဘူး၊ ဆေးရုံကကျောင်းသားလေးကလည်း ၁၄နှစ်ပဲရှိပါသေးတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အခုလိုပစ်ခတ်ခဲ့မှုနဲ့ ပက်သက်ပြီး သတင်းကိုဖျောက်ဖျက်ထားပြီး ဆရာတော့်အလောင်းကိုပါ သင်္ဂြိုဟ်မပေးဘဲ အလောင်းဖျောက်ဖျက်ဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ- ARNs