စစ်တပ်နယ်မြေ မင်္ဂလာဒုံမှာ အုပ်ကြီးတစ်ဦး အပစ်ခံရ

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုကြီးစိုးတဲ့ မင်္ဂလာဒုံမြို့နယ်မှာ စစ်အုပ်စုကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

အောက်တိုဘာလ ၂၆ရက်နေ့ မနက် ၅နာရီခန့်မှာ ကုန်းတလပေါင်းစံပြကျေးရွာက အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်ဟာ စက်ရုံဆင်းအလုပ်သမားတွေကို သွားရောက်ပို့ဆောင်ပြီး အပြန် တပ်ရင်း (၉)အနီးမှာ အမည်မသိသေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“သူက ရပ်ကွက်ထဲမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ယောက်ကိုလည်း လိမ်ပြီးတော့ အမှုဖွင့်ခဲ့သေးတဲ့သူ၊ နုတ်ထွက်စာအတင်ပြပြီးတော့ အုပ်ကြီးဆက်လုပ်နေတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အခုလို ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပက်သက်ပြီးတော့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဓာတ်ပုံ– Mingaladon National Media