ဟောင်ကောင်က နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရုံး ပိတ်မယ်

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။

ဟောင်ကောင်မှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ နိုင်ငံရေးနဲ့ ဘာသာရေးကြောင့် အကျဉ်းကျနေသူတွေအရေးကို ဆောင်ရွက်ပေးတဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရုံးကို ပိတ်ပစ်တော့မယ်လို့ Guardian သတင်းဌာနက ဖော်ပြပါတယ်။

ဒီ ဆုံးဖြတ်ချက်ကို အောက်တိုဘာလ ၂၅ ရက်၊ မနေ့က ချမှတ်ခဲ့တာဖြစ်ပြီး ရုံးဟာ ဟောင်ကောင်မှာ အခြေစိုက်တာကြောင့် တရုတ်နိုင်ငံက ချမှတ်ထားတဲ့ အမိမြေလုံခြုံရေး ဥပဒေနဲ့ ငြိစွန်းမှာ စိုးရိမ်တဲ့အတွက် အခုလို ဟောင်ကောင်အခြေစိုက် ရုံး ၂ ရုံးလုံးကို ပိတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

နှစ်ပေါင်း ၄၀ လောက် လူအခွင့်အရေးအကျိုးကို ဆောင်ရွက်ခဲ့တဲ့ ဟောင်ကောင်က Amnesty International ရုံးတွေဟာ ဒီမိုကရေစီအရေး တောင်းဆိုသူတွေနဲ့ တရုတ်နိုင်ငံက ချမှတ်ထားတဲ့ အမိမြေလုံခြုံရေး ဥပဒေအကြားမှာ လွတ်လွတ်လပ်လပ် ဆောင်ရွက်လို့ မရမှာကို စိုးရိမ်ခဲ့တာဖြစ်ပါတယ်။

“ဒီဆုံးဖြတ်ချက်ဟာ အတော့်ကို ခက်ခက်ခဲခဲ ချမှတ်လိုက်ရတဲ့ ဆုံးဖြတ်ချက်ပါ။ လူ့အခွင့်အရေး အဖွဲ့တွေအနေနဲ့ ဒီဥပဒေပေါ်မှာ လွတ်လွတ်လပ်လပ်နဲ့ ကြောက်ရွံ့မှုကင်းကင်းလုပ်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”လို့ Amnesty International ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Anjhula Bais က ပြောကြားခဲ့ပါတယ်။

ဟောင်ကောင်က အမိမြေလုံခြုံရေး ဥပဒေမှာ ခွဲထွက်တာတွေ၊ အဖျက်အမှောင့်လုပ်ငန်းတွေနဲ့ အကြမ်းဖက်ဝါဒတွေအပြင် ပြင်ပနိုင်ငံခြားအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို တားမြစ်ထားတာတွေပါဝင်နေပါတယ်။

Amnesty International အဖွဲ့ရဲ့ ရုံးချုပ်ကတော့ ဗြိတိန်နိုင်ငံမှာရှိပြီး ဒီအဖွဲ့ဟာ ၁၉၇၇ ခုနှစ်မှာ နိုဘယ်လ်ဆု ရရှိထားဖူးပါတယ်။