အုပ်ကြီးပြန်လုပ်မယ့်သူတွေကို ပြတ်ပြတ်သားသားကိုင်တွယ်သွားမယ်လို့ ခရမ်းPDF ပြော

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။

ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးပြန်လုပ်မယ့်သူတွေကို ပြတ်ပြတ်သားသား ကိုင် တွယ်သွားမယ်လို့ ခရမ်းPDFတာဝန်ရှိသူတစ်ဦးကပြောကြားလိုက်ပါတယ်။

အောက်တိုဘာ၁၃ရက်နေ့မှာ ခရမ်းမြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ယောက်မကျန် နုတ်ထွက်ခဲ့ပြီး နောက် တစ်ပတ်လောက်အကြာမှာ နုတ်ထွက်အုပ်ချုပ်ရေးမှူးများစွာတို့ဟာ တိုးတိုးတိတ်တိတ်အ လုပ်ပြန်ဝင်ခဲ့ ကြတဲ့အပေါ် Delta News Agency ရဲ့ မေးမြန်းမှုကို ခရမ်းPDF တာဝန်ရှိသူတစ်ဦးက အဲဒီလို ပြောကြားလိုက်တာပါ။

‘ကျွန်တော်တို့သေချာစောင့်ကြည့်နေပါတယ်။အုပ်ချုပ်ရေးမှူးအနေနဲ့ တရားဝင်ပြန်ဖြစ်လာရင် ကျွန်တော်တို့ ဘက်ကလည်း ပြတ်ပြတ်သားသား ကိုင်တွယ်သွားမယ်’လို့ သူကပြောပါတယ်။

ခရမ်းမြို့နယ်အတွင်း အကြမ်း ဖက်စစ်တပ်အင်အားကိုတိုးချဲ့ကာ ရပ်ကျေးအုပ်ချုပ်ရေးယန္တယားကို ပြန်လည်အသက်သွင်းနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့အားထုတ်နေကြပါတယ်။

စစ်အုပ်စုက အုပ်ချုပ်ရေးမှူးတွေကို လုံခြုံရေးအာမခံချက်နဲ့ ငွေကြေးမက်လုံးပေးပြီး အလုပ်ဝင်ကြဖို့ တိုက်တွန်း နေပါတယ်။

‘အခုကတော့ အုပ်ကြီးတွေက ခရမ်းPDF ကို စစ်ခွေးတွေအားကိုးနဲ့ ပြန်စိန်ခေါ်လိုက်တာ။’လို့ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှား လူငယ်တစ်ယောက်ကပြောပါ တယ်။

အကြမ်းဖက်စစ်တပ်ဟာ ထောက်ခံစာမရင် မြို့ပြင်ထွက်ခွင့်မပြုသလို အုပ်ချုပ်ရေးမှူးတွေက ထောက်ခံစာ တစ်စောင်ကို ၅၀၀၊၁၀၀၀ တောင်းပြီး စားပေါက်ထွင်နေကြတယ်လို့သိရပါတယ်။

‘အုပ်ကြီးတချို့က ဘယ်လောက်မိုက်ရိုင်းသလဲဆို ထောက်ခံစာရဲ့သက်တမ်းကို ၃ရက်ပဲသတ်မှတ်ပေးတယ်။၃ရက် ပြည့်ပြီးရင် နောက်ထပ်ပိုက်ဆံပေးပြီး ထောက်ခံစာအသစ် ထပ်လုပ်ရတယ်’လို့ တက်ကြွလူငယ်ကပြောပါတယ်။

ခရမ်းမြို့ပေါ်က ပြည်သူတစ်ဝက်နည်းပါး ထောက်ခံစာလုပ်ကြပြီး ကျေးလက်နေပြည်သူတွေ ထောက်ခံစာပိုလုပ် ကြတယ်လို့သိရပါတယ်။

ခရမ်းမြို့ပေါ်မှာ ရပ်ကွက်၁၃ခုနဲ့ကျေးရွာပေါင်း၅၆ရွာရှိပါတယ်။