မြို့စစ်ဘေးရှောင်စခန်း အကူအညီလိုအပ်နေ

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။

ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လေး မြိုစစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်တွေရဲ့ နေအိမ်အချို့ ပျက်စီးနေပြီး ပြန်လည်ပြင်ဆင်နိုင်ဖို့ အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

မြိုစစ်ဘေးရှောင်စခန်းဟာ ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသမှာ ရက္ခိုင့်တပ်တော် AAနဲ့ အကြမ်းဖက်စစ်အုပ်ကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ၂၀၁၈ခုနှစ် ဒီဇင်ဘာလကတည်းက စတင်ဖွင့်လှစ်ခဲ့ရတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုလည်းဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒီကိုရောက်နေတာက သုံးနှစ်ပြည့်တော့မှာပါ။ တချို့နေအိမ်တွေက တက်လို့မရအောင် ပျက်စီးနေပါပြီ။ ဒါကြောင့် ပြန်လည်ပြုပြင်ဖို့ အကူအညီတွေလိုအပ်နေပါတယ်”လို့ စစ်ဘေးရှောင်တစ်ဦးက MPAသတင်းဌာနမှာ ဖြေကြားထားပါတယ်။

အထက်မြတ်လေး မြိုစစ်ဘေးရှောင်စခန်းမှာ ကျောက်တော်မြို့နယ် ခမောင်း၊ သိန်းချောင်း၊ ကင်ပိ၊ မီးချောင်းခုပ်ကျေးရွာတွေအပါအဝင် ကျေးရွာ ၉ရွာနဲ့ ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီဖျား၊ အဝပြန်စတဲ့ ကျေးရွာတွေက မြို၊ ဒိုင်းနက် လူနည်းစုတိုင်းရင်းသား အိမ်ထောင်စု ၁၅၀၊ လူဦးရေ ၇၂၈ဦးဟာ အခုချိန်ထိ စစ်ဘေးတိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။

“ကျွန်မတို့ မိန်းခလေးတွေ ရေချိုးဖို့အတွက် နေရာသီးသန့်မရှိပါဘူး။ အဆင်ပြေသလိုပဲ ရေချိနေကြရတာပါ။ စိတ်ထဲမှာတော့ မလုံခြုံသလိုခံစားရပါတယ်”လို့ မြိုအမျိုးသမီး စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

အထက်မြတ်လေးကျေးရွာအနီးမှာရှိတဲ့ လယ်ယာမြေကို ငှားရမ်းဆောက်လုပ်ထားတဲ့ မြိုစစ်ဘေးရှောင်စခန်းဟာ လယ်ပိုင်ရှင်ကိုလည်း နှစ်စဉ် မြေငှားခတွေ ပေးချေနေရပြီး လယ်ပိုင်ရှင်က အိမ်ဆောက်လုပ်ဖို့အတွက် စစ်ဘေးရှောင်နေအိမ်တချို့ကို ဖြိုဖျက်ကာ ပြောင်းရွေ့ပေးရတဲ့ နေအိမ်တွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ရပ်တန့်နေပေမဲ့ စစ်ဘေးရှောင်အများစုဟာ နေရပ်မပြန်နိုင်သေးဘဲ နီးစပ်ရာ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရစဲ ဖြစ်ပါတယ်။

ဓာတ်ပုံ-MPA

Source- MPA