၂၄၊ အောက်တိုဘာလ၊ ၂၀၂၁။
အင်္ဂလန်ဂန္ထဝင်ကွင်းလယ်လူ ဒေးဗစ်ဘက်ခမ်းဟာ ကာတာနိုင်ငံအတွက် ခရီးသွားနဲ့ သမိုင်းယဉ်ကျေးမှုအမွေအနှစ် သံတမန်တစ်ဦးအဖြစ် ဆောင်ရွက်ဖို့ ပေါင်သန်း ၁၅၀ တန် သဘောတူညီချက်တစ်ခု ရရှိသွားခဲ့ပြီလို့ Daily Mail သတင်းဌာနက ဖော်ပြပါတယ်။
ဒေးဗစ်ဘက်ခမ်းဟာ သံတမန်ရေးရာ အလုပ်ကိစ္စနဲ့ ပတ်သက်လို့ ကာတာနိုင်ငံနဲ့ သဘောတူညီချက်အားလုံး ရရှိသွားခဲ့ပြီဖြစ်ပြီး လာမယ့် နိုဝင်ဘာလထဲမှာ တရားဝင် အသိပေးသွားမှာဖြစ်ပါတယ်။
ကာတာနိုင်ငံဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်နေတာဖြစ်ပြီး ကမ္ဘာကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းနဲ့အတူ နိုင်ငံရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ ကြိုးပမ်းလိုက်တာပါ။
ဒါကြောင့် ဒေးဗစ်ဘက်ခမ်းအနေနဲ့ ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အဓိက နေရာက ပါဝင်ရမယ့် ဇာတ်ကောင်တစ်ဦးဖြစ်လာမှာဖြစ်ပြီး နိုင်ငံတွင်းခရီးသွားလာရေးတွေနဲ့ ယဉ်ကျေးမှု ကဏ္ဍာတွေကို ကမ္ဘာကို သိအောင် ချပြရတော့မှာဖြစ်ပါတယ်။
ဒါပေမဲ့ အခုလို လက်ခံမှုတွေအတွက် ဒေးဗစ်ဘက်ခမ်းအပေါ် ဝေဖန်မှုတွေ ရှိနေပြီး ကာတာနိုင်ငံဟာ လိင်တူချစ်သူတွေနဲ့ အမျိုးသမီးတွေအပေါ်မှာ မမျှတတဲ့ ဆက်ဆံမှုတွေ ရှိနေတဲ့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ အငြင်းပွားမှုတွေ ရှိနေခဲ့တာပါ။
ဒေးဗစ်ဘက်ခမ်းကတော့ ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားအတွက် ပိုမိုကျယ်ပြန့်တဲ့ အသိုက်အဝန်းနဲ့ အတူလက်တွဲကာ ကြီးကျယ်ခမ်းနားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုဖြစ်လာဖို့ ဆန္ဒရှိနေပါတယ်။