မြရည်နန္ဒာအိမ်ယာကို စစ်အုပ်စုက ပိတ်ဆို့ထားပြီး စစ်ဆေးနေ

၂၄၊ အောက်တိုဘာလ၊ ၂၀၂၁။

မနေ့က မြရည်နန္ဒာအိမ်ယာအနီးက အားကစားကွင်းက စစ်အုပ်စုရဲ့အစောင့်ကင်း ဗုံးခွဲခံရပြီးနောက်မှာ မြရည်နန္ဒာအိမ်ယာကို စစ်အုပ်စုက ပိတ်ဆို့စစ်ဆေးနေပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၄ရက်နေ့ မနက်ပိုင်းက စတင်ကာ မြရည်နန္ဒာအိမ်ယာဝန်းရဲ့ ဝင်ပေါက်၊ထွက်ပေါက်အားလုံးကို စစ်အုပ်စုက ပိတ်ဆို့ထားပြီး အိမ်ယာအတွင်းက ပြည်သူတွေကို အပြင်ထွက်ခွင့်မပေးဘဲ အခန်းအားလုံးကို တစ်ခန်းချင်းစီ လိုက်လံစစ်ဆေးနေတာလို့ အိမ်ယာဝန်းအတွင်း နေထိုင်သူတွေက ပြောပါတယ်။

“အခန်းအားလုံးကို တစ်ခန်းဝင်တစ်ခန်းထွက်နဲ့ လိုက်စစ်နေတာ၊ အလုပ်လဲအသွားမခံဘူး စျေးလဲထွက်ဝယ်လို့မရဘူး၊ တစ်ခန်းချင်းစီ မှတ်ပုံတင်တွေ သန်းခေါင်စာရင်းတွေပါ တောင်းကြည့်တယ်၊ ဘာအလုပ်လုပ်လဲ ဘယ်သူတွေရှိသေးလဲ စစ်တယ်၊ လူမရှိတဲ့အခန်းတွေဆိုရင် အနားကအခန်းတွေကိုခေါ်ပြီး ဒီအခန်းက ဘာလို့လူမရှိတာလဲ ပိုင်ရှင်သိလား မရှိတာကြာပြီလားဆိုတာတွေပါမေးတယ်၊ ထမင်းဟင်းထွက်ဝယ်ဖို့တောင်မလွယ်ဘူးဖြစ်နေတယ်”လို့ အိမ်ယာဝန်းအတွင်းနေထိုင်သူ တစ်ဦးကပြောပါတယ်။

မြရည်နန္ဒာအိမ်ယာဝန်းအနီးက ဗုံးပေါက်ကွဲမှုဟာ Generation Z Power ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး)က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပံု Google